အဓိကရုဏ်း ဗီဒီယိုမှတ်တမ်း ထွက်လာ

  • 21 ဧပြီ 2013
meikhtila
Image caption လူအုပ်နဲ့ တိုက်ခိုက်မှုတွေကို ရဲတွေက ရပ်ကြည့်နေ

မကြာခင်က ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာ အဓိကရုဏ်း အတွင်း ဗုဒ္ဓဘာသာဝင် တွေက လူအုပ်နဲ့ မွတ်ဆလင် တွေကို တိုက်ခိုက်သတ်ဖြတ် နေတာကို ရဲတွေက ရပ်ကြည့်နေတဲ့ ပုံတွေ ပါတဲ့ ဗီဒီယို မှတ်တမ်းတွေကို ဘီဘီစီက ရရှိထားပါတယ်။

မိတ္ထီလာ ရဲက ရိုက်ကူးခဲ့တဲ့ မှတ်တမ်းတွေ ဖြစ်ပြီး မတ်လ နှောင်းပိုင်းက ရက်တွေနဲ့ချီပြီး ဖြစ်ပွားခဲ့တဲ့ ဘာသာရေး အဓိကရုဏ်းကြောင့် အနည်းဆုံး လူ ၄၃ ယောက် သေဆုံးခဲ့ရပါတယ်။

ရဲက ရိုက်ယူထားတဲ့ မှတ်တမ်းကား ဖြစ်လို့ အထောက်အထား ရယူပုံ စနစ်ကျ ပြည့်စုံပြီး နှိပ်စက် လုယက် ခံရသူတွေကို ရဲက မကာကွယ် ခဲ့တာ ပေါ်လွင်နေပါတယ်။

ဒီမှတ်တမ်းကားကို ဥရောပ သမဂ္ဂက မြန်မာပေါ် ပိတ်ဆို့ အရေးယူမှု တွေ ရုပ်သိမ်းသင့် မသင့် မဆုံးဖြတ်ခင် တရက် အလိုမှာ ဘီဘီစီက ထုတ်လွှင့် လိုက်တာ ဖြစ်ပြီး မြန်မာပြည်က လူနည်းစု တွေကို ဖိနှိပ် ပြုမူနေပုံ အပေါ် မေးခွန်း ထုတ်စရာ ရှိနေ ပေမယ့် ပိတ်ဆို့မှု တွေကို ဥရောပ သမဂ္ဂက ရုပ်သိမ်းမယ့်ပုံ ပေါ်တယ်လို့ ဘီဘီစီ သတင်းထောက် ဂျိုနာ ဖစ်ရှာက ဆိုပါတယ်။

ဗီဒီယို ထဲမှာ လူနေအိမ်တွေနဲ့ စျေးဆိုင်တွေကို လူအုပ်နဲ့ လုယက် ဖျက်ဆီးတာတွေ အပြင် ရဲအရာရှိတွေ မျက်စိ ရှေ့မှာတင် အရှင်လတ်လတ် မီးလောင်နေသူ လူးလှိမ့် နေတာကို ရပ်ကြည့်နေတဲ့ လူအုပ်က 'ရေမဖျန်းနဲ့၊ သေပေ့စေ'လို့ ပြောဆိုတာတွေ ပါရှိပါတယ်။

နောက် ထွက်ပြေးသူ လူငယ် တယောက်ကို ဘုန်းကြီး တပါးအပါအဝင် လူအုပ်နဲ့ ဝိုင်းဖမ်းပြီး ရိုက်တာ တွေ့ရတဲ့ အပြင် ဓားနဲ့ပါ ခုတ်လို့ မြေကြီးပေါ် ပုံလဲကျသွားပြီး သေဆုံးခဲ့တယ်လို့ ယူဆရပါတယ်။

ဒီမှတ်တမ်းကားနဲ့ မျက်မြင်တွေ ထွက်ဆိုချက်တွေ ကိုက်ညီနေပါတယ်။

တနေရာ မှာတော့ မွတ်ဆလင် အမျိုးသမီးနဲ့ ကလေးတွေကို ရဲက မီးလောင်ပြင် ရပ်ကွက်ထဲက ခေါ်ထုတ် သွားတဲ့ ပုံပါပါတယ်။

ဒီအဓိကရုဏ်း အတွင်း ပါဝင်ခဲ့တဲ့ မွတ်ဆလင် ၃ ယောက်ကို ဒီလ ထဲမှာ ထောင် ၁၄ နှစ် ချလိုက်ပြီး ကျန်တဲ့ မွတ်ဆလင်နဲ့ ဗုဒ္ဓ ဘာသာဝင်တွေ အတော်များများကို ထိန်းသိမ်း စစ်ဆေးနေဆဲလို့ ဆိုပါတယ်။

တနင်္လာနေ့ မှာပဲ နယူးယော့ က လူ့အခွင့်အရေး စောင့်ကြည့် အဖွဲ့ ကနေပြီး ရခိုင် ပြည်နယ်က မွတ်ဆလင်တွေ အပေါ် ကျူးလွန်ခဲ့တဲ့ လူမျိုးတုံး သတ်ဖြတ်မှုတွေနဲ့ လူမဆန်တဲ့ ရာဇဝတ်မှု တွေမှာ မြန်မာ အစိုးရ ပတ်သက်နေမှုတွေကို ဖွင့်ချမယ့် အစီရင်ခံစာ ထုတ်ဝေမယ်လို့ သိရပါတယ်။

ရခိုင် ပြည်နယ်က လူ တရာကျော်ကို မေးမြန်းပြီး တွေ့ရှိချက်တွေ အပေါ် အခြေပြု ရေးသားတဲ့ အစီရင်ခံစာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ