မြန်မာပေါ် အီးယူ ဆက်ပိတ်ဆို့မလား

  • 22 ဧပြီ 2013
rangoon
Image caption မြန်မာပေါ် နိုင်ငံတကာ စီးပွားရေး မျက်စိကျနေ

ဥရောပ သမဂ္ဂ နိုင်ငံခြားရေး ဝန်ကြီးတွေက မြန်မာနိုင်ငံ အပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ လုံးဝ ရုပ်သိမ်းမလား ကနေ့ ဆွေးနွေး ဆုံးဖြတ် ဖို့ ရှိပြီး အရင် တပတ်က ဥရောပ သံတမန်များ အစည်းအဝေးမှာတော့ လက်နက် ရောင်းဝယ်မှု ကလွဲပြီး ကျန်တဲ့ ပိတ်ဆို့မှုတွေကို ရုပ်သိမ်းဖို့ သဘောတူ ခဲ့ကြပါတယ်။

ဒါပေမဲ့ လူမျိုးစု ပဋိပက္ခတွေကို နိုင်ငံရေး နည်းနဲ့ မဖြေရှင်း နိုင်သေးသရွေ့ မြန်မာ အစိုးရ အပေါ် ပိတ်ဆို့မှုတွေ ဆက်လက် ထားရှိဖို့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC) ကလဲ တောင်းဆို ခဲ့ပါတယ်။

မြန်မာ အစိုးရဟာ စစ်တပ် သြဇာကို မလွန်ဆန် နိုင်ဘဲ တိုင်းရင်းသား ဒေသတွေမှာ ဆက်ပြီး ထိုးစစ် ဆင်နေလို့ ငြိမ်းချမ်းရေး အခိုင်အမာ ရလာတဲ့ အထိ ပိတ်ဆို့မှု တွေကို ဆက်လက် ထားရှိသင့်တယ်လို့ ကချင် အမျိုးသား အစည်းအရုံးက ဦးခွန်ဆာ က ပြောပါတယ်။

မြန်မာပြည်က လူနည်းစုတွေကို ဖိနှိပ် ပြုမူနေပုံ အပေါ် မေးခွန်းထုတ်စရာ ရှိနေ ပေမယ့် ပိတ်ဆို့မှု တွေကို ဥရောပ သမဂ္ဂက ရုပ်သိမ်းမယ့် ပုံပေါ်တယ်လို့ ဘီဘီစီ သတင်းထောက် ဂျိုနာ ဖစ်ရှာက ဆိုပါတယ်။

ဥရောပ သမဂ္ဂရဲ့ ပိတ်ဆို့မှု တွေကို ဆိုင်းငံ့ထားတာ တနှစ် ရှိနေပြီး လက်နက် ရောင်းဝယ်မှုကိုတော့ ဆက်ပြီး ပိတ်ဆို့ထားဖွယ် ရှိပါတယ်။