ဒေသဖွံ့ဖြိုးဖို့နဲ့ လူကိုတန်ဖိုးထားဖို့ ရခိုင်ပြော

  • 21 ဧပြီ 2013
China
Image caption တရုတ်ပြည်ကို နိုင်ငံရေးပါတီတွေ ဖိတ်လို့ သွားကြပေမယ့် ဘာလုပ်ရမယ်မှန်း သေချာ မသိကြ။

တရုတ်ကွန်မြူနစ်ပါတီက ဖိတ်ခေါ်လို့ တရုတ်ပြည်ကို ဧပြီ ၂၀ က နိုင်ငံရေးပါတီတချို့ ထွက်ခွာ သွားတဲ့အခါ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP လည်း ပါဝင်ခဲ့ပြီး ဆွေးနွေးခွင့် ရမယ်ဆို ဆွေးနွေးစရာတွေ များတယ်လို့ ပါတီတာဝန်ရှိသူက ပြောပါတယ်။

တရုတ်ပြည်သွားတဲ့အထဲမှာ ပါတီဥက္ကဌ ဒေါက်တာအေးမောင်နဲ့ ဦးဇော်အေးမောင်တို့ ပါသွားကြပေမယ့် ဘီဘီစီက ပါတီအထွေထွ အတွင်းရေးမှူး ဦးဦးလှစောကို မေးမြန်းခွင့် ရတဲ့အခါမှာ သူက အခုလို ပြောတာ ဖြစ်ပါတယ်။

ရခိုင်တွေက ရခိုင်ပြည်နယ်မှာ တရုတ်တွေ လာပြီး ရင်းနှီးမြှုပ်နှံတာကို ဟန့်တားဖို့ မရှိဘူး၊ ရခိုင်ပြည်သူတွေ အနေနဲ့ ဟန့်တားဖို့ အင်အားလည်း မရှိဘူး၊ ဒါကြောင့် နိုင်ငံတကာ စံနှုန်းနဲ့အညီ လုပ်ကိုင်ဖို့ရယ်၊ ဒေသဖွံ့ဖြိုးဖို့နဲ့ လူကို တန်ဖိုးထားဖို့ရယ်ကို တောင်းဆိုနေတာလို့ သူက ဆိုပါတယ်။

စီမံကိန်းလုပ်ငန်းခွင်တွေထဲမှာ တရုတ်နဲ့ ရခိုင် အလုပ် လုပ်တာချင်းတူတူ ဇာတ်ခွဲခြားသလို ဖြစ်နေတယ်၊ ရခိုင်လုပ်သားတွေဟာ နိုင်ငံတကာစံနှုန်းအောက် အများကြီး လျော့ရသလို ကျန်းမာရေး စောင့်ရှောက်မှုလည်း မရှိဘဲ ကျွန်သာသာ အဆင့်နဲ့ လုပ်ကိုင် နေရတယ်လို့ ဦးဦးလှစောက ပြောပါတယ်။

ရခိုင်ပြည်သားတွေဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ တရုတ်ပိုင်းလိုင်းတွေ ဖြတ်လို့ လယ်ယာမြေတွေ ပျက်ကုန်တာ၊ အသိမ်းခံရတာ၊ သဘာဝ ဝန်းကျင် ထိခိုက်ပျက်စီး တာတွေကို ခံစားကြရပြီး၊ အကျိုးခံစားခွင့်ကျတော့ မရကြဘူးလို့ သိရပါတယ်။

တရုတ်စီမံကိန်းတွေကြောင့် နစ်နာမှုတွေ ရှိတဲ့အတွက် ရခိုင်တွေက ဆန္ဒပြတာတွေလည်း ရှိတဲ့အတွက် စူပါပါဝါ ဖြစ်နေတဲ့ တရုတ်တို့ အနေနဲ့ နိုင်ငံတကာစံနှုန်းကို လိုက်နာပြီး သဘာဝ ဝန်းကျင်ကို ထိန်းသိမ်းဖို့တွေ ပြောဆို ဆွေးနွေးခွင့်ရရင် RNDP အနေနဲ့ ပြောဆိုဖို့ ရှိတယ်လို့ ဦးဦးလှစောက ဘီဘီစီကို ပြောပါတယ်။