ဦးအောင်မင်း အဖွဲ့နဲ့ တွေ့ ဆုံပွဲကို ဆန္ဒပြ

  • 22 ဧပြီ 2013
Image caption နယူးယောက်က ဆန္ဒပြသူတွေ

ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ နယူးယောက်ကို ရောက်ရှိနေပြီး မနေ့က ကုလသမဂ္ဂ ပလာဇာမှာ မြန်မာမိသားစု တချို့နဲ့ တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။

ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း၊ ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီ နဲ့ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦး တို့က လက်ရှိ မြန်မာနိုင်ငံ အပြောင်းအလဲ၊ လူမှုရေးနဲ့ စီးပွားရေး ပြုပြင် ပြောင်းလဲရေး ကြိုးပမ်းမှု တွေကို ရှင်းပြခဲ့ပြီးနောက် တက်ရောက်သူ တွေက မေးခွန်းတွေ မေးခဲ့ကြပါတယ်။

အဓိကအားဖြင့် လောလောဆယ် ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာ၊ လက်ပံတောင်းတောင်နဲ့ ရခိုင်ဒေသက ပဋိပက္ခတွေနဲ့ ပတ်သက်လို့ မေးမြန်းခဲ့တာကို ဝန်ကြီးတွေက ပြန် ဖြေခဲ့ကြပါတယ်။ တက်ရောက်ဆွေးနွေးကြသူ ၈ဝ လောက်ရှိတယ်လို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်အောင် စီစဉ်ခဲ့တဲ့ ၈၈ ကျောင်းသားဟောင်း ဦးတင်မောင်အေးက ပြောပါတယ်။

သူတို့အနေနဲ့ ဦးသိန်းစိန် အစိုးရရဲ့ အပြောင်းအလဲ လုပ်နေတာကို ၁ဝဝ ရာခိုင်နှုန်း ထောက်ခံလို့ ဒီပွဲကို စီစဉ်တာမဟုတ်ဘဲ ရောက်တုန်း ရောက်ခိုက် မြန်မာ နိုင်ငံသား တွေ ရင်းရင်းနှီးနှီး တွေ့ပြီး မေးချင်တာ မေးလို့ ရအောင် စီစဉ်တာလို့ ပြောပါတယ်။

တချို့က ဆန္ဒပြခဲ့ကြပြီး ဆန္ဒပြသူ ၄ဝ ကျော်ခန့်ရှိပြီး ဆန္ဒပြသူတွေက အတု အယောင် ရွှေရည်စိမ် ဒီမိုကရေစီကို မလိုလားကြောင်း၊ လိမ်ညာမှုတွေ ရပ်ပြီး အစစ်အမှန် လမ်းကြောင်းကို လျှောက် ဖို့ တောင်းဆိုကြောင်း ဆန္ဒပြပွဲကို ဦးဆောင်တဲ့ နိုင်ငံတကာ မြန်မာအမျိုးသား ကွန်ဂရက် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးရဲထွဋ် က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ