မြန်မာမှာ ကျင်းပမယ့် နိုင်ငံတကာ တင်းနစ် ပြိုင်ပွဲ ရွေ့ဆိုင်း

Image caption မြန်မာမှာ ကျင်းပမယ့် Davis Cup တင်းနစ်ပွဲ ရွေ့ဆိုင်းရ

မြန်မာ နိုင်ငံမှာ ဧပြီ ၂၂ ရက်ကစလို့ အိမ်ရှင် နိုင်ငံ အဖြစ် လက်ခံ ကျင်းပဖို့ စီစဉ် ထားတဲ့ Davis Cup အာရှနဲ့ အိုးရှင်းနီးယား ဇုန် အုပ်စု ၃ နဲ့ ၄ တင်းနစ် ပြိုင်ပွဲကို လုံခြုံရေး အခြေအနေကြောင့် ဆိုပြီး ရွှေ့ဆိုင်း လိုက်ပါတယ်။

လာပြိုင်မယ့် နိုင်ငံတွေထဲမှာ ဘာရိန်း ၊ ဂျော်ဒန် ၊ အီရန် ၊ အီရတ် နဲ့ ယူအေအီး တို့လို အရှေ့အလယ်ပိုင်း ဒေသက အစ္စလာမ် နိုင်ငံတွေ အများအပြား ပါ ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်လို့ မြန်မာ နိုင်ငံ တင်းနစ် အဖွဲ့ချုပ် အတွင်းရေးမှူး ဦးလေးနိုင်ကို ဘီဘီစီက ဆက်သွယ် မေးမြန်းကြည့်တော့ ပထမ တုန်းက ပြိုင်ပွဲ လုပ်ဖို့ ခွင့်ပြုချက် ရထားပြီးသား ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဧပြီ ၁၃ ရက်တုန်းက အားကာ အဖွဲ့က စာပို့လာတာ ဖြစ်ပြီး အကျိုးအကြောင်း မပြောပေမယ့် ရက်ရွေ့ပေးဖို့ ပြောခဲ့ကြောင်း ဦးလေးနိုင်က ဆိုပါတယ်။

တခြား ပါဝင် ယှဉ်ပြိုင်တဲ့ နိုင်ငံတွေကို ကျိုးကြောင်း မပြဘဲ မြန်မာ နိုင်ငံ တင်းနစ် အဖွဲ့ချုပ်က အကြောင်းကြားခဲ့တာကို သူတို့က လက်ခံတယ်လို့ ပြောပါတယ်။

ပါဝင်ကစားတဲ့ နိုင်ငံတွေထဲမှာ အစ္စလာမ် နိုင်ငံတွေလည်း ပါတာမို့ သူတို့ကလည်း မြန်မာပြည်က အခြေအနေတွေကို သိတာကြောင့် လုံခြုံရေး ပေးနိုင်မလားလို့ မေးထားတာ ရှိခဲ့တယ်လို့ သူက ဆိုပါတယ်။

သူတို့ အနေနဲ့ လုံခြုံရေး ပေးနိုင်ကြောင်း အကြောင်းပြန်ခဲ့ပြီးပြီလို့ ဦးလေးနိုင်က ရှင်းပြခဲ့ပါတယ်။

မကြာခင်က ဖြစ်ခဲ့တဲ့ ဗုဒ္ဓဘာသာနဲ့ မွတ်ဆလင် တွေရဲ့ အရေးအခင်းကြောင့် လုံခြုံရေး အတွက် ကြောက်လန့်တာလို့ ဆိုပါတယ်။

အခုလို နိုင်ငံတကာနဲ့ ကျင်းပတဲ့ ပွဲတခုကို ရွေ့လိုက်ရတော့ နောက်ပိုင်းမှာကော ဒါတွေက အကျိုးသက်ရောက်မှု ရှိနိုင်သလားလို့ ဘီဘီစီက မေးမြန်းတဲ့ အခါ ဒါဟာ ပွဲပျက်သွားတာ မဟုတ် ၊ ရွှေ့ဆိုင်းတာသာ ဖြစ်တယ် ၊ ဒီမှာ မလုပ်ပေမယ့် တခြား နိုင်ငံမှာ လုပ်လိမ့်မယ်လို့ သူက ပြောပါတယ်။

မကြာခင် ကျင်းပတော့မယ့် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲတွေမှာကော အကျိုးသက်နိုင်သလားလို့ မေးကြည့်ရာမှာတော့ တင်းနစ်က ဆီးဂိမ်းမှာ အားကစားနည်း တခု အနေနဲ့ မပါဘူးလို့ သူက ဆိုပါတယ်။

နောက်ပိုင်းမှာကော ဒီလို အားကစားပွဲတွေ အိမ်ရှင်နိုင်ငံ အဖြစ်လက်ခံ ကျင်းပနိုင်ခွင့် ရှိသလား ဆိုတဲ့ အမေးကိုတော့ ဖြေကြားရာမှာ မရှိဘူးလို့ ဦးလေးနိုင်က ဖြေသွားခဲ့ပါတယ်။