အင်ဒိုနီးရှား သမ္မတ မြန်မာနိုင်ငံကို သွားမယ်

Image caption မြန်မာ နိုင်ငံသွားမယ့် အင်ဒိုနီးရှား သမ္မတ Yudhoyono

အင်ဒိုနီးရှား သမ္မတ ဆူဆီလို ဘန်ဘန် ယူဟိုရိုနိုဟာ ဒီနေ့ ဧပြီလ ၂၃ ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိမှာ ဖြစ်ပါတယ်။

မြန်မာ ၊ စင်္ကာပူနဲ့ ဘရူနိုင်း နိုင်ငံတို့ကို သွားရောက်မယ့် အင်ဒိုနီးရှား သမ္မတဟာ မြန်မာ နိုင်ငံမှာ နှစ်ရက် ကြာမြင့်မှာ ဖြစ်ပြီး နေပြည်တော်ကို သွားကာ မြန်မာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံ ဆွေးနွေး ပါလိမ့်မယ်။

ခု ခရီးစဉ်ဟာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်နေ့တုန်းကလည်း အင်ဒိုနီးရှား စီးပွားရေး ဆိုင်ရာ ဝန်ကြီး ဦးဆောင်တဲ့ ကုန်သွယ်ရေး အဖွဲ့ မြန်မာ နိုင်ငံကို သွားရောက်ခဲ့ပြီး ကုန်သွယ်ရေး ၊ စီးပွားရေးနဲ့ ရင်းနှီးမြုပ်နှံမှု တွေကို ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အင်ဒိုနီးရှားဟာ ၂ဝ၁၅မှာ မြန်မာနိုင်ငံနဲ့ အမေရိကန် ဒေါ်လာ သန်း ၅ဝဝ ဖိုးထိ တိုးမြှင့် ကုန်သွယ်ဖို့ မှန်းထားပြီး ၂ဝ၁၆မှာ သန်းတထောင်ဖိုး ထိ ကုန်သွယ်ဖို့ ကြိုးစားမယ်လို့ ဆိုပါတယ်။

သမ္မတ ဆူဆီလိုဟာ သူ့ရဲ့ ခရီးစဉ် အတွင်း ရိုဟင်ဂျာ အရေးကိုလည်း ဆွေးနွေးကောင်း ဆွေးနွေး လိမ့်မယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဌာနနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။