အီးယူ ပိတ်ဆို့မှုဖယ်ရှားမှုကို ဒေါ်အောင်ဆန်းစုကြည် အမြင်

  • 23 ဧပြီ 2013
130422102835_eu
Image caption ဥရောပသမဂ္ဂ နဲ့ ဒေါ်အောင်ဆန်းစုကြည်

ဥရောပသမဂ္ဂ က မြန်မာနိုင်ငံ အပေါ် ဒဏ်ခတ် ပိတ်ဆို့မှု ဖယ်ရှားမှု နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ကို ဘီဘီစီ သတင်းထောက် Fergal Keane က တယ်လီဖုန်း ဆက်သွယ်ပြီး၊ သီးသန့် မေးမြန်းခန်း ပြုလုပ်တဲ့ အခါမှာ ဒေါ်အောင်ဆန်းစုကြည် က ကြိုဆိုကြောင်း၊ ဥရောပသမဂ္ဂ ခေါင်းဆောင်တွေ နဲ့ တွေ့တဲ့ အခါတိုင်း မှာလည်း ဒီအရေး ကိစ္စ ဆွေးနွေး ဖြစ်ကြောင်း၊ ဖြေကြားပါတယ်။

ပိတ်ဆို့မှု တွေ အနက်၊ လက်နက်ရောင်းဝယ်မှု ဆက်လက် ပိတ်ပင်ထားမှု ကိုလည်း ဥရောပသမဂ္ဂ ရဲ့ သဘောထား ဖြစ်တဲ့ အတွက် လက်ခံနိုင်ပုံ ကို ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။ ဒဏ်ခတ်ပိတ်ဆို့မှု ဖယ်ရှားတဲ့ နေရာမှာ အကြမ်းဖက်မှုတွေ၊ တိုက်ပွဲတွေ ဖြစ်နေဆဲမို့ စောလွန်းနေတယ် လို့ ထင်မနေဘူး လား ဆိုတဲ့ မေးခွန်းကိုတော့ ၊ ဒီအရေးကိစ္စ တွေဟာ ဥပဒေစိုးမိုးရေး နဲ့တခြား နိုင်ငံရေး ၊ လူမှုရေး ပြဿနာတွေ၊ နဲ့ သာ သက်ဆိုင်ပုံ၊ ပိတ်ဆို့မှု ဖယ်ရှားတာနဲ့ နိုင်ငံ့ စီးပွားရေး ဖွံ့ဖြိုးမှု ရှိတာနဲ့ အမျှ ပြည်သူတွေ စီးပွားရေး ကို ငြိမ်းချမ်းစွာ လုပ်နိုင် လာတာ နဲ့ လူမှုရေး ပြဿနာတွေ ပြေလည်ရေး အပိုင်း ကို အထောက်အကူ ပြုမယ် လို့ မျှော်လင့်ပုံ တွေ ဒေါ်အောင်ဆန်းစုကြည် က ဘီဘီစီ ကို ပြောပြပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေး အပိုင်းမှာလည်း ပြည်ပ အထောက်အကူ၊ အချက်အလက် တွေ ထက်၊ အဓိက သော့ချက်ဖြစ်တဲ့ ပြည်တွင်းနိုင်ငံရေး အုပ်စု နဲ့ တပ်မတော် အပါအဝင် အင်အားစု တွေ အပေါ် မူတည်ကြောင်း ပြောပါတယ်။

ရခိုင်ပြည်နယ် နဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ တွေ မှာ မွတ်ဆလင် တွေ အပေါ် အကြမ်းဖက် တိုက်ခိုက်မှု နဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုမှု မရှိလို့ ဝေဖန်သံတွေ ထွက်ပေါ်တဲ့ အပေါ်မှာတော့ သူ့အနေနဲ့ ဝေဖန်သံတွေ ကို မအံ့သြပုံ၊ သူကိုယ်တိုင်ရော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါ ဘယ်လို အကြမ်းဖက် ပုံစံမျိုး ကိုမှ လက်မခံ၊ ဆန့်ကျင်ခဲ့ပုံ တွေ ပြောပါတယ်။ ဘက်လိုက်တဲ့ ပြောဆိုမှု ကို တော့ မပြောနိုင်ပုံ လည်းရှင်းပြပါတယ်။

သူပြောသမျှတွေ ဟာ လူအများ ကျေနပ်အောင် ပြောနေတာ မဟုတ်သလို၊ အကြမ်းဖက်မှု တွေ ဟာ ဘယ်ပြဿနာ ကိုမှ လည်းပြေလည်အောင် လုပ်မပေးနိုင်ဘူး လို့ ဆိုပါတယ်။ လာမယ့် ရွေးကောက်ပွဲ ကို ဝင်ခြင်းအားဖြင့် ပြည်သူတွေ လိုလားတဲ့ အခြေအနေ တရပ် ကို ဖန်တီးပေးနိုင်မယ့် အခွင့်အရေး တရပ်လို့ မြင်ပုံ တွေ ကို ဒေါ်အောင်ဆန်းစုကြည် က ဘီဘီစီ သတင်းထောက် Fergal Keane ရဲ့ သီးသန့်မေးမြန်းခန်း မှာ ဖြေကြားသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ