သမ္မတအမိန့်နဲ့ အကျဉ်းသား ၉၀ ကျော် လွတ်မြောက်

  • 23 ဧပြီ 2013
Image caption အင်းစိန်ထောင် ကနေ ပြန်လွတ် လာသူ ၁၀ ဦး ထဲမှာ နိုင်ငံရေး အကျဉ်းသား ၆ ဦး ပါ

သမ္မတ ဦးသိန်းစိန်ရဲ့ အမိန့်နဲ့ မြန်မာ နိုင်ငံ အကျဉ်းထောင် အသီးသီးမှာ ရှိတဲ့ အကျဉ်းသား ၉၀ ဝန်းကျင် လောက်ကို ဒီကနေ့ ပြန်လွှတ်ပေး လိုက်ပြီ ဖြစ်ပါတယ်။

အများစုက နိုင်ငံရေး အကျဉ်းသားတွေ ဖြစ်ပါတယ်။

အင်းစိန်ထောင် ကနေ အကျဉ်းသား ၁၀ ဦး ပြန်လွတ်လာတဲ့အထဲမှာ နိုင်ငံရေး အကျဉ်းသား ၈ ဦး ပါဝင်ပြီး အဲဒီထဲမှာ ကိုရဲထက်စိုး၊ ကိုဇော်မိုး၊ ကိုနေမျိုးသူရ နဲ့ ကိုစိုင်းအောင်ကျော် တို့ ပါဝင်ပါတယ်။

ကိုဇော်မိုးနဲ့ အမှုတွဲ တူသူတွေကတော့ တရားမဝင် အသင်းအဖွဲ့ ဖွဲ့စည်းမှု၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး၊ ကရင်အမျိုးသားအစည်းအရုံး တို့နဲ့ ဆက်သွယ်မှု စတဲ့ အမှုတွေနဲ့ ဖမ်းဆီး ထောင်ချခံရတာ ဖြစ်ပါတယ်။

အခုလို လွှတ်ပေးတာဟာ အစိုးရအနေနဲ့ ပိတ်ဆို့မှု့တွေ ရုပ်သိမ်းအောင် အပေးအယူ လုပ်တာလို့ မြင်ကြောင်း ကိုဇော်မိုးက ပြောပါတယ်။ ဒါပေမယ့် နောက်ထပ် နိုင်ငံရေး အကျဉ်းသားတွေ အင်းစိန်ထောင်ထဲမှာ ကျန်ခဲ့သေး ကြောင်းလည်း သူက ပြောပါတယ်။

သာယာဝတီထောင် ကနေ အကျဉ်းသား ၃၀ လောက် ပြန်လွတ် လာရာမှာ နိုင်ငံရေး အကျဉ်းသား ကိုအောင်သူ နဲ့ ကိုအေးမင်းစိုး တို့ ပါဝင်ပါတယ်။

မြန်မာတိုင်း(မ်)ဂျာနယ် ပူးတွဲ ထုတ်ဝေခဲ့သူ ဦးဆန်နီဆွေလည်း တောင်ကြီးထောင်ကနေ လွတ်လာတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

အကျဉ်းသား စိစစ်ရေးအဖွဲ့ လေးဖွဲ့ရဲ့ စာရင်းတွေ အရ လက်ကျန် နိုင်ငံရေး အကျဉ်းသား ၃၀ဝ လောက် ရှိခဲ့တယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ