မိတ္ထီလာ ဘုန်းတော်ကြီး သတ်ဖြတ်ခံရမှု စစ်ဆေး

  • 24 ဧပြီ 2013
meiktila
Image caption မိတ္ထီလာ အဓိကရုဏ်းမှာ သေကြေ ပျက်စီးမှုကြီး

ပြီးခဲ့တဲ့ မတ်လက မိတ္ထီလာမှာ အစ္စလာမ် ဘာသာဝင်နဲ့ ဗုဒ္ဓ ဘာသာဝင်တွေ အဓိကရုဏ်း မှာ အဓိကအကြောင်း တရပ် ဖြစ်တဲ့ ဆရာတော် ဦးသောဘိတကို ဝိုင်းဝန်း သတ်ဖြတ်မှုကို နေ့စဉ် ရုံးထုတ်စစ်ဆေး နေပါတယ်။

မတ်လ ၂ဝ ရက် ညနေက မိတ္ထီလာကို ဈေးလာဝယ်တဲ့ သာစည် ဟံဇားရွာ မိုးကောင်းကျောင်း ဆရာတော် ဦးသောဘိတ အသတ်ခံရမှုနဲ့ ပတ်သက်ပြီး မိတ္ထီလာ အမှတ် ၂ ရဲစခန်းမှူးက တရားလို လုပ်ပြီး လူ ၁၁ ဦးကို တရားစွဲဆို ထားပါတယ်။

တရားစွဲခံရတာ ၁၁ ယောက် ဖြစ်ပေမယ့်လဲ ၄ ယောက် ထွက်ပြေး လွတ်မြောက်နေသေးတဲ့ အတွက် ၇ ယောက်ကို ဖမ်းဆီးရုံးတင် စစ်ဆေးနေတာပါ။

ဒီအမှုကို ဧပြီ ၂၂ ရက်ကစပြီး နေ့စဉ် ရုံးတင် စစ်ဆေး နေပါတယ်။ ဒီအမှုမှာ ရှေ့နေကွန်ယက်က ရှေ့နေ ဦးသိန်းသန်းဦး အပါအဝင် ရှေ့နေ ၅ ဦးက တရားစွဲ ခံရသူတွေရဲ့ ရှေ့နေအဖြစ် လိုက်ပါ ဆောင်ရွက် ပေးနေပါတယ်။

အမှုစစ်ဆေးနေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ရုံးချိန်း ၂ ခုမှာ တရားလိုပြ သက်သေ ၃၉ ယောက် အနက် ၂၂ ယောက် စစ်ဆေးပြီးပြီလို့ ဦးသိန်းသန်းဦး က ပြောပါတယ်။

ဒီအမှုကို မြို့ခံလူထု အများစုက စိတ်ဝင်တစား လာနားထောင်ကြ တာကြောင့် မဆိုင်သူ တွေကို ဝင်ခွင့်မပေးဘဲ လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားရပြီး တရားခံ အခွင့်အရေးပေးတာ ထွက်ချက် ပြည့်စုံအောင် ယူတာ အပါအဝင် အမှု စစ်ဆေးပုံ အတော် မျှမျှတတ ရှိကြောင်း ဦးသိန်းသန်းဦးက ပြောပါတယ်။

မတ်လကုန်ပိုင်းက ဖြစ်ခဲ့တဲ့ မိတ္ထီလာ အဓိကရုဏ်း အတွင်း လူ၄ဝ ကျော် သေဆုံး ခဲ့ရပြီး ဒီအဓိကရုဏ်းမှာ ပါဝင် ပတ်သက်သူ ၇ဝ ကျော်ကို ဖမ်းဆီး စစ်ဆေး နေပါတယ်။

အဓိကရုဏ်း စပြီး ဖြစ်ပွားစေတဲ့ နယူးဝိန့်စိန် ရွှေဆိုင်က ဆိုင်ပိုင်ရှင် ဇနီး မောင်နှံနဲ့ ဝန်ထမ်းတယောက်ကို ဧပြီလ ဒုတိယ အပတ်က ထောင်ဒဏ် ၁၄ နှစ်စီ ချမှတ် ခဲ့ပါတယ်။

ခုအမှုကို မနက်ဖြန် ရုံးချိန်းပြန်ချိန်း ထားလို့ မကြာခင် စီရင်ချက် ချမှတ်နိုင်ဖွယ် ရှိတယ်လို့ အမှုလိုက် ရှေ့နေတွေက ယူဆနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ