ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင် သမ္မတထံ အစီရင်ခံ

  • 23 ဧပြီ 2013
ရခိုင်ပြည်နယ်ကို ပြည်ပက ကိုယ်စားလှယ်များ လာရောက်လေ့လာ
Image caption ရခိုင်ပြည်နယ်ကို ပြည်ပက ကိုယ်စားလှယ်များ လာရောက်လေ့လာ

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ဒေသခံတွေနဲ့ ရိုဟင်ဂျာ မွတ်စလင်တို့ကြား ပဋိပက္ခတွေကို စုံစမ်းထားတဲ့ အစီရင်ခံစာကို ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်း စစ်ဆေးရေး ကော်မရှင်က နိုင်ငံတော် သမ္မတထံ ၂၂ရက်နေ့က အစီရင်ခံ လိုက်တယ်လို့ ကော်မရှင်က သတင်းထုတ်ပြန်ပါတယ်။

အသေးစိတ်ကို လာမယ့်ဧပြီလ ၂၉၊၃၀လောက်မှာ သတင်းစာရှင်းပြီး အများပြည်သူကို အသိပေးဖို့ စီစဉ်နေတယ်လို့ စုံစမ်း စစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးအောင်နိုင်ဦးက ဘီဘီစီကိုပြောပါတယ်။

ဒီအစီအရင်ခံစာကို ဘာသာရေး ခေါင်းဆောင်တွေ နိုင်ငံရေးလူမှုရေးမှ ထင်ရှားတဲ့ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းခဲ့ပြီး ကြားဖြတ်အစီရင်ခံစာ တစောင်ကို ပြီးခဲ့တဲ့ နိုဝင်ဘာက တင်ပြနိုင်ခဲ့ပါတယ်။

ဒါပေမယ့် မတ်လအတွင်း မိထ္ထီလာမှာ ဗုဒ္ဓဘာသာနဲ့ မွတ်စလင်တို့ကြား ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး ပဲခူးတိုင်းအတွင်း ပြန့်သွားတဲ့အတွက် အစီရင်ခံစာအပြည့်အစုံကို ထုတ်ပြန်ဖို့ ရွှေ့ဆိုင်းခဲ့ပါတယ်။

အခုလို အချိန်မီ မတင်ပြနိုင်တဲ့အတွက် ရခိုင်ပြည်မှာ လူမျိုးတုန်း သုတ်သင်မှုတွေ ရှိတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ထုတ်ပြန်တာ မဖြစ်နိုင်ဘူးလားလို့ ဦးအောင်နိုင်ဦးကို မေးတဲ့အခါ ဒီပြဿနာကို ဘက်ပေါင်းစုံက လေ့လာရာမှာ ပြည်ပကလည်း အမြင်အမျိုးမျိုး ရှိနိုင်ကြောင်း ဒါပေမယ့် အောက်ခြေမှာ လက်တွေ့ ဖြစ်နေတာနဲ့ ကိုက်ညီဖို့လိုတယ် လို့ပြောပါတယ်။

မြန်မာနိုင်ငံသား ဖြစ်မှုဥပဒေကို ပြန်သုံးသပ်သင့်တယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှတ်ချက်နဲ့ ကော်မရှင်က တွေ့ရှိချက်ကရော ဘယ်လိုရှိလဲလို့ ဆက်မေးရာမှာတော့ ဒေါ်စုရဲ့သဘောထားကို ဘာမှမှတ်ချက် ပေးစရာမရှိကြောင်း ကော်မရှင်တွေ့ရှိချက်တွေကို တော့ အများပြည်သူကိုချပြမှဘဲ ဖြေကြားနိုင်မယ်လို့ ဦးအောင်နိုင်ဦးက ဘီဘီစီကို ပြောသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ