မြန်မာ ဘာသာရေး ပဋိပက္ခ အင်ဒို စိုးရိမ်

  • 24 ဧပြီ 2013
Image caption အင်ဒိုနီးရှားနဲ့ မြန်မာနိုင်ငံအကြား ကုန်သွယ်ရေး သဘောတူချက် နားလည်မှု စာချွန်လွှာတွေ လက်မှတ်ရေးထိုး

မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ဘာသာရေး ပဋိပက္ခတွေနဲ့ ပတ်သက်လို့ စိုးရိမ်မိကြောင်း အင်ဒိုနီးရှား သမ္မတ ဆူဆီလို ဘန်ဘန်း ယူဒိုယိုနို က သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံစဉ်မှာ ထုတ်ဖေါ် ပြောဆိုခဲ့ပါတယ်။

အင်ဒိုနီးရှား နိုင်ငံဟာ အာရှမှာ မွတ်ဆလင် အများဆုံး နေထိုင်တဲ့ နိုင်ငံ ဖြစ်တာမို့ မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ မွတ်ဆလင်နဲ့ ဗုဒ္ဓဘာသာဝင်တွေအကြား ပဋိပက္ခနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိနေကြောင်း၊ ဒါ့ကြောင့် ဒီပဋိပက္ခ နောက်ဆုံးအခြေအနေ ဘယ်လို ရှိသလဲ၊ အဲဒီ ဒေသတွေမှာ လူသားချင်း စာနာတဲ့ ကယ်ဆယ်ရေး အကူအညီပေးရေးတွေနဲ့ အဲဒီမှာ ဘာသာကွဲတွေအကြား အစဉ်အမြဲ အတူယှဉ်တွဲ နေထိုင်သွားနိုင်ရေးတွေနဲ့ ပတ်သက်လို့ မြန်မာအစိုးရအနေနဲ့ ဘာတွေ ဆောင်ရွက်နေသလဲ ဆိုတဲ့ အကြောင်းတွေကို သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံစဉ်မှာ သမ္မတ ယူဒိုယိုနိုက မေးမြန်းခဲ့တယ်လို့ အင်ဒိုနီးရှား သမ္မတနဲ့ အတူ မြန်မာနိုင်ငံကို လိုက်ပါခဲ့တဲ့ သမ္မတရဲ့ နိုင်ငံတကာ ရေးရာ ပြောခွင့်ရ ပုဂ္ဂိုလ် Teuku Faizasyah က ဘီဘီစီ မြန်မာပိုင်းဌာနကို ပြောပြပါတယ်။

အခုလို တဘက်နဲ့တဘက် အကြမ်းဖက် တိုက်ခိုက်တဲ့အထိ ပဋိပက္ခတွေ ကြီးထွားလာခဲ့တာဟာ အဲဒီ ဒေသမှာ ဖြစ်ပေါ်နေတဲ့ ပညာရေး၊ အလုပ်အကိုင် ရရှိရေး စတဲ့ လူမှုရေး အခက်အခဲတွေ ကြောင့် ဖြစ်တယ် ဆိုပြီး သမ္မတ ဦးသိန်းစိန်က ပြန်လည် ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။

သမ္မတ ယူဒိုယိုနိုရဲ့ ခရီးစဉ်ဟာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုကို တိုးမြှင့်ဖို့နဲ့ နှစ်နိုင်ငံကြား ပူးပေါင်း ဆောင်ရွက်မှုတွေကို တိုးမြှင့်ဖို့ ရည်ရွယ်တာ ဖြစ်ပြီး ဒီခရီးစဉ်အတွင်း ကုန်သွယ်ရေး ဆိုင်ရာ သဘောတူချက် နားလည်မှု စာချွန်လွှာ တွေကို လက်မှတ် ရေးထိုးခဲ့ကြပါတယ်။

နှစ်နိုင်ငံ ကြား ကုန်သွယ်မှုတန်ဘိုး က အခုအချိန်မှာ အမေရိကန် ဒေါ်လာသန်း ၄၆၀ လောက် ရှိနေပြီး ၂၀၁၅ ခုနှစ်လောက်ကျရင် ကုန်သွယ်မှုတန်ဘိုး ဒေါ်လာ သန်း ၅၀၀ ထိ မြင့်လာဖို့ ရည်မှန်း ထားတယ်လို့ သိရပါတယ်။

အင်ဒိုနီးရှား ရဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေ အနေနဲ့ မြန်မာရဲ့ အခြေခံအဆောက်အအုံ တည်ဆောက်ရေး တွေ၊ စွမ်းအင် ကဏ္ဍ တွေ နဲ့ တယ်လီ ကွန်မြူနီကေးရှင်း ဆက်သွယ်ရေး ဘက်တွေ မှာ စိတ်ဝင်တစားရှိနေကြတယ်လို့ ဆိုပါတယ်။

အခု ခရီးစဉ်ဟာ နှစ်နိုင်ငံ အကြား နိုင်ငံတော် ခရီးစဉ် ဖြစ်တာမို့ OIC အစ္စလာမစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ မြန်မာနိုင်ငံ လာရေး ကိစ္စကိုတော့ ထည့်သွင်း ဆွေးနွေး တာမျိုး မရှိခဲ့ဘူးလို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ