မြိတ်ဘက် နယ်စပ်ဂိတ် ဖွင့်ဖို့ကြိုးစား

  • 24 ဧပြီ 2013
myawaddy
Image caption ကုန်သွယ်ရေး အတွက် နယ်စပ် စခန်းတွေ အရေးကြီး

မြိတ်မြို့နဲ့ ထိုင်းနိုင်ငံ ပရကျူဝပ် ကီရီခန် ခရိုင် ကို ဆက်သွယ်တဲ့ မောတောင် တောင်ကြား လမ်း နယ်စပ်ကို လက်ရှိ ယာယီ နယ်စပ်ဂိတ် အဆင့်ကနေ နှစ်မကုန်ခင် တရားဝင် နယ်စပ် ကုန်သွယ်ရေးစခန်း ဖြစ်အောင် ထိုင်းဘက်က ကြိုးစား နေပါတယ်။

ပရကျူဝပ် ကီရီခန် ခရိုင် နယ်စပ် စင်ခေါ်န်မြို့ကနေ မောတောင် တောင်ကြားလမ်းကတဆင့် မိုင် ၁ဝဝ ကျော်ပဲ ဝေးတဲ့ မြိတ်မြို့ကို အရင်က ကားနဲ့သွားရင် ၈ နာရီလောက် ကြာပေမယ့် အခု လမ်းတွေ ပြင်ပြီးတဲ့ နောက်ပိုင်း ၄ နာရီပဲ ကြာတော့လို့ ကုန်သွယ်မှု ပိုများလာပါတယ်။

ပြီးတော့ ကုန်သွယ်မှု တန်ဖိုး အရင်က တနှစ်ကို ဘတ်သန်းတရာ လောက်ရှိရာက အခုနှစ်တဝက် မှာတင် ဘတ်သန်းတရာကျော် လာတာကြောင့် ပရကျူဝပ် ကီရီခန်ခရိုင် အုပ်ချုပ်ရေးပိုင်းနဲ့ ပုဂ္ဂလိကပိုင်းက ယာယီ နယ်စပ်ဂိတ် အဆင့်ကနေ တရားဝင်နယ်စပ် ကုန်သွယ်ရေး စခန်းအဆင့် တိုးမြှင့်ဖို့ ကြိုးစားလာ ကြတာပါ။

လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှု လုပ်တဲ့အနေနဲ့ ပရကျူဝပ် ကီရီခန် ခရိုင် အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေနဲ့ ပုဂ္ဂလိကပိုင်းက ကုန်သည်ကြီး များ အသင်း နဲ့ စက်မှု လုပ်ငန်းရှင်များ အသင်းတွေ နယ်စပ် ကုန်သွယ်ရေးမှာ အဓိက ကျတဲ့ မဲဆောက်ကို လာပြီး လေ့လာ ကြပါတယ်။

ပရကျူဝပ် ကီရီခန် ခရိုင် ကုန်သည်ကြီးများ အသင်း ဥက္ကဋ္ဌ နိုင်ဆူရအပ် နရုန်လစ်က ဒီဒေသမှာ တရားဝင် နယ်စပ် ကုန်သွယ်ရေး စခန်း ဖြစ်လာရင် လက်ရှိ ကုန်သွယ်ရေး တန်ဖိုး သန်းတရာကနေ အချိန်အနည်းငယ် အတွင်း သန်းတထောင် အထိ တိုးတက် သွားနိုင်တယ်။ ထိုင်းက စားသောက်ကုန်၊ လူသုံးကုန်၊ လုပ်ငန်းသုံး၊ ဆောက်လုပ်ရေးသုံး ပစ္စည်းတွေ ဆထက်တိုးပြီး သွားနိုင်သလို မြိတ်က ရေထွက် ပစ္စည်း၊ စိုက်ပျိုးရေး ထွက်ကုန်နဲ့ ကျွဲနွား သိုးဆိတ်တွေ အများကြီး ဝင်လာမယ်။

ပြီးတော့ တနင်္သာရီ ဒေသကော၊ ထိုင်းဘက်မှာပါ ကုန်သွယ်ရေးနဲ့ ခရီးသွား လုပ်ငန်းတွေ တိုးတက်လာပြီး ဒေသခံတွေ အတွက် အလုပ်အကိုင်နဲ့ ဝင်ငွေ တွေ တိုးတက် လာဖို့ မျှော်လင့်တယ် လို့ ပြောပါတယ်။

မြန်မာ အစိုးရကလဲ ဒီဒေသ ဖွံ့ဖြိုးရေး လိုလားတာက တကြောင်း၊ တနင်္သာရီတိုင်း အစိုးရနဲ့ ပုဂ္ဂလိက ပိုင်းကပါ စိတ်၀င်စားမှု အပြည့်ရှိတာကြောင့် မကြာခင်မှာ မောတောင် တရား၀င်နယ်စပ် ကုန်သွယ်ရေးစခန်းကို ဖွင့်နိုင်မှာ ဖြစ်တယ်လို့ ပရကျူဝပ် ကီရီခန် ခရိုင် ကုန်သည်ကြီးများ အသင်း ဥက္ကဋ္ဌက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ