လယ်သမားတွေ အတွက် ဒေါ်စု ဘာလုပ် ပေးနိုင်မလဲ

  • 25 ဧပြီ 2013
A Burmese Farmer
Image caption လယ်သမားတွေ စက်မှု လယ်ယာ ပြောင်းဖို့ တန်ဖိုးကြီး စက်ပစ္စည်း မဝယ်နိုင်

မကြာခင် ရေးဆွဲဖို့ ရှိတဲ့ တောင်သူ လယ်သမား အခွင့် အရေး ကာကွယ်ရေး ဥပဒေ မှာ ထည့်သွင်း သင့်တဲ့ အချက်တွေကို ဒေါ်အောင်ဆန်း စုကြည်က အသေးစိတ် သိလိုတဲ့ အတွက် တောင်သူ လယ်သမား တွေက သွားရောက် ရှင်းပြ ခဲ့ကြ ပါတယ်။

ပြဋ္ဌာန်း ထားပြီးသား လယ်ယာမြေ ဥပဒေမှာ ပါတဲ့ လယ်ယာမြေ မှတ်ပုံတင်ရေးကို တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ ပြီးပြတ်အောင် မဆောင်ရွက်နိုင် သေးတဲ့ ကိစ္စ၊ လယ်ယာ လုပ်သား ရှားပါးတဲ့ အတွက် စက်မှု လယ်ယာ အဖြစ် ကူးပြောင်း နိုင်ဖို့ လယ်ယာသုံး စက်ပစ္စည်းတွေ စျေးနှုန်း ကြီးမားမှု၊ စိုက်ပျိုးရေး ဘဏ်တွေ ကနေ ချေးငွေ ပြန်ဆပ်ရမယ့် အချိန်မှာ စပါးစျေး ကျတဲ့ ကိစ္စ၊ စတဲ့ အခက် အခဲ တွေကို လယ်သမား တွေက ဒေါ်အောင်ဆန်း စုကြည် သိအောင် တင်ပြ ခဲ့ကြတယ်လို့ ကိုယ်တိုင် ပါဝင် ဆွေးနွေး ခဲ့တဲ့ ဧရာ ဝတီတိုင်း ဒေးဒရဲ မြို့နယ်က လယ်သမားကြီး ဦးကျော်ထက်က ဘီဘီစီကို ပြောပါတယ်။

သားစဉ် မြေးဆက် လယ်ယာ လုပ်ကိုင် လာကြတဲ့ ပိုင်ဆိုင်မှု အငြင်း ပွားစရာ မရှိတဲ့ လယ်မြေ တွေကို မြန်မြန် ဆန်ဆန် မှတ်ပုံတင် နိုင်ရေး အတွက် သက်ဆိုင်ရာကို ဒေါ်အောင်ဆန်း စုကြည်က တင်ပြ ပေးသွားမယ်လို့ ပြောခဲ့ ကြောင်းလည်း ဦးကျော်ထက်က ပြောပါတယ်။

ဒါ့အပြင် လယ်သမားတွေ လယ်သိမ်းချိန်မှာ ရာသီဥတု ဒဏ်ကြောင့် ဆုံးရှုံး နစ်နာမှာ မရှိရအောင် အမြန်ဆုံး ရိတ်သိမ်း ရာမှာ သုံးဖို့ လိုအပ်တဲ့ ကျပ် သိန်း ၃၀၀ တန် စပါး ချွေလှေ့ စက်ကို လယ်သမားတွေ ဝယ်နိုင်ဖို့ အလှမ်းဝေးလွန်းတဲ့ အတွက် ဒါကို ဖြေရှင်းနိုင်မယ့် နည်းလမ်း နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်း စုကြည်က ပြန်လည် ဆွေးနွေး ခဲ့တယ်လို့ ဆိုပါတယ်။

ဂျပန် နိုင်ငံ ကနေ စက် အသေးစားတွေ ထုတ်လုပ် ပေးဖို့ ဒေါ်အောင်ဆန်း စုကြည်က ပြောမယ့် အကြောင်းနဲ့၊ ဂျပန်က တပါတ်ရစ် စက်တွေ သုံးနိုင်မလား၊ သြစတြေးလျနဲ့ နယူးဇီလန် တို့က နေ အကူအညီတောင်းပြီး မြန်မာ လယ်သမားတွေကို ပံ့ပိုး ကူညီနိုင်ရေး အတွက် ဆွေးနွေး ခဲ့ကြတယ်လို့ ပြန်ပြော ပါတယ်။

တောင်သူ လယ်သမား တွေရဲ့ အခက် အခဲတွေကို ကူညီ ဖြေရှင်း ပေးနိုင်ရေး နည်းလမ်း ရှာနိုင်ဖို့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ တက္ကသိုလ် ရိပ်သာလမ်းက နေအိမ်မှာ မြန်မာ နိုင်ငံ တိုင်းနဲ့ ပြည်နယ် အသီးသီးကို ကိုယ်စားပြုတဲ့ လယ်သမား၂၂ ယောက်က မြန်မာ နိုင်ငံ တောင်သူ လယ်သမား အသင်းရဲ့ စီစဉ်မှုနဲ့ သွားရောက် တွေ့ဆုံ ဆွေးနွေး ခဲ့ကြတာ ဖြစ် ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ