ထိုင်း-မြန်မာ နယ်စပ် ငှက်ဖျား ထိန်းချုပ် ကာကွယ်ရေး USAID ကူမယ်

  • 26 ဧပြီ 2013
Image caption ငှက်ဖျားရောဂါ တိုက်ဖျက်ရေး ကူမယ့် USAID

ထိုင်း-မြန်မာ နယ်စပ်မှာ ငှက်ဖျား ရောဂါ ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေး အစီအစဉ်ဖြစ်တဲ့ Malaria Prevention and Control in Myanmar – Thailand Border ကို ထိုင်း-မြန်မာနဲ့ အမေရိကန် USAID တို့ ဘန်ကောက် နိုင်ငံခြားရေး ဝန်ကြီး ဌာနမှာ ဒီကနေ့ မွန်းလွဲပိုင်းမှာ လက်မှတ် ရေးထိုး ကြမှာ ဖြစ်ပါတယ်။

ထိုင်း-မြန်မာ နယ်စပ် တလျှောက် တာချီလိတ် -မယ်ဆိုင် ကစပြီး ကော့သောင် - ရနောင်းအထိ ငှက်ဖျား ရောဂါ တိုက်ဖျက်ရေးနဲ့ ထိန်းချုပ်ရေးအတွက် အမေရိကန် USAID က ငွေကြေး ထောက်ပံ့ပေးမှာ ဖြစ်ပြီး ထိုင်းနဲ့ မြန်မာက ကျန်းမာရေး တာဝန်ရှိသူတွေက အကောင်အထည်ဖေါ် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

လက်မှတ်ရေးထိုးပွဲကို ကျန်းမာရေး ဝန်ကြီးဌာနက ကိုယ်စား ဘန်ကောက် အခြေစိုက် သံအမတ်ကြီး ဦးတင်ဝင်းက လက်မှတ်ရေးထိုးမှာဖြစ်ပါတယ်။

ထိုင်းမြန်မာ နယ်စပ်မှာ ငှက်ဖျား ရောဂါ တိုက်ဖျက်ရေး နှစ်နှစ် စီမံကိန်း လုပ်ဆောင်ဖို့ အမေရိကန် ဒေါ်လာ တသန်း ကို USAID က ထောက်ပံ့ပေးမှာ ဖြစ်တယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

ငှက်ဖျား တိုက်ဖျက်ရေးနဲ့ ပတ်သက်လို့လည်း ဆက်ပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ရဦးမှာ ဖြစ်တယ်လို့ သံအမတ်ကြီး ဦးတင်ဝင်းက ရှင်းပြပါတယ်။

အထူးသဖြင့် တောတွေ တောင်တွေမှာ သွားလာနေတဲ့ သူတွေက မြို့တက်လာတဲ့ အတွက် ရောဂါပိုးက ပြန့်နှံ့နေမှာ ဖြစ်တယ် ၊ ငှက်ဖျား ဖြစ်လာရင် ငှက်ဖျား ဖြတ်ဆေး ဖြစ်တဲ့ စားဆေး ထိုးဆေးတွေ ရှိတယ် ၊ ဆေးစွမ်းထက်အောင် ထိန်းသိမ်းရမယ့် အနေအထားမျိုး ရှိတာပေါ့လို့ သံအမတ်ကြီးက ဆိုပါတယ်။

နယ်စပ် တလျှောက် မြို့တွေ ၊ ရွာတွေမှာ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ကာကွယ် စောင့်ရှောက်မှုတွေကို အဓိကထား လုပ်သွားရမှာ ဖြစ်တယ်လို့ ငှက်ဖျား ရောဂါ တိုက်ဖျက်ရေး စီမံကိန်းနဲ့ ပတ်သက်ပြီး သံအမတ်ကြီး တင်ဝင်းက ရှင်းပြပါတယ်။

နှစ်နိုင်ငံ နယ်စပ်မြို့တွေမှာ ရုံးဖွင့်ပြီး ပူးတွဲ လုပ်ဆောင်သွားမှာ ဖြစ်ပြီး မြန်မာနိုင်ငံ ဘက်ခြမ်း မှာလည်း ငှက်ဖျားရောဂါ ကုသရေး ဆေးခန်းတွေ ဖွင့်လှစ် သွားမယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။