မန်ယူ အသင်းသား ဟောင်းတွေ မြန်မာပြည် လာကစားမယ်

  • 25 ဧပြီ 2013
andy_cole
Image caption မြန်မာ့မြေမှာ ခြေစွမ်း လာပြတော့မယ်ဆိုတဲ့ အင်ဒီကိုးလ်

ကမ္ဘာကျော် မန်ချက်စတာယူနိုက်တက် အသင်းမှာ ကစားခဲ့ကြ ဖူးတဲ့ ဂန္တဝင် ကစား သမား ဟောင်းကြီး တွေ မြန်မာ နိုင်ငံမှာ ချစ်ကြည်ရေး ရန်ပုံငွေပွဲ လာရောက် ကစား ကြမှာ ဖြစ်ပါတယ်။

အဲဒီ ကစားသမားကြီး တွေကတော့ ၁၉၉၈-၉၉ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်၊ အဖ်အေ ရှုံးထွက် ဖလားနဲ့ ဥရောပ ချန်ပီယံလိဂ် ဖလား ၃ ခုလုံး ကို အရယူခဲ့တဲ့ အသင်းက အသင်းသား တွေဖြစ်တဲ့ ရှေ့တန်း တိုက်စစ်မှူးဟောင်း အန်ဒီကိုးလ် နဲ့ နောက်တန်း အစွန်လူ ဖြစ်တဲ့ ဒဲန်းနစ္စ အာဝင် တို့ ဖြစ်ပါတယ်။

သူတို့ ၂ ဦးအပြင် တချိန်က မန်ယူ တောင်ပံ တိုက်စစ် ကို ပြောင်မြောက် စွာကစား ပြခဲ့ဖူးတဲ့ ဂိုးသွင်းပြီးတိုင်း ကပြီး အောင်ပွဲ ခံလေ့ ရှိတဲ့ လီးရှာ့ပ် နဲ့ တခါ အလယ်တန်း၊ တောင်ပံ ၊ နောက်တန်း ကြိုက်တဲ့ နေရာမှာ ဝင်ကစား ပေးနိုင်ပြီး အလွတ်တည်ကန်ဘော တွေကောင်းတဲ့ ကလေတန် ဘလက်ခ်မိုး တို့ ဖြစ်ပါတယ်။

ဒီကမ္ဘာကျော် ဘောလုံး သမားဟောင်း တွေနဲ့ မြန်မာကျော် လက်ရွေးစင်ဟောင်း တွေလာမယ့် ဇွန်လ ၉ ရက် နေ့မှာ သုဝဏ္ဏ အားကစား ကွင်းမှာ ယှဉ်ပြိုင် ကစား ကြမှာ ဖြစ်ပါတယ်။

အဲဒီပွဲ ဖြစ်မြောက် ခဲ့တာနဲ့ ပတ်သက်လို့ မြန်မာ နိုင်ငံ ဘောလုံး အဖွဲ့ချုပ်က ဦးစိုးမိုးကျော်ကို ဘီဘီစီက ဆက်သွယ် မေးမြန်း ခဲ့ရာမှာတော့ CEA ဆိုတဲ့ ကုမ္ပဏီ တခုက အဲဒီလို ဘောလုံးသမားတွေက ကန်ချင်တဲ့ ဆန္ဒရှိနေပြီး ဒေါ်လာ ၁ သိန်း လောက် အကုန်အကျ ခံရမှာ ဖြစ်ကြောင်း ဘောလုံး အဖွဲ့ချုပ်ကို ကမ်းလှမ်း ခဲ့ရာမှာ ဥက္ကဌက မြန်မာ ပရိသတ်တွေ ကြည့်ရအောင်၊ မန်ယူ အသင်းက ဘောလုံး သမား တွေကို မြင်ရအောင် ဆိုပြီး ပွဲလုပ် ဖြစ်ခဲ့တာလို့ ပြောပါတယ်။

ကမ္ဘာကျော် ဘောလုံး သမားတွေ ဖြစ်လို့ သူတို့ကို ပွဲကန်ကြေးတော့ ပေးရမှာ ဖြစ်ပါတယ်။ နောက်ပြီး အဲဒီဘောလုံးသမားတွေကို ကြယ် ၅ ပွင့် အဆင့် ရှိတဲ့ ဟိုတယ်မှာ ထားမယ်လို့လည်း သိရပါတယ်။

ဒီဘောလုံး သမားတွေဟာ အသက်ကြီး လာပြီ ဖြစ်လို့ အရင်လို ခြေစွမ်း ပြနိုင် ပါ့မလား ဆိုတာကိုတော့ ဦးစိုးမိုးကျော်က မြန်မာ စကားပုံ ဆင်ပိန်ကျွဲ ဆိုသလို သူတို့ရဲ့ အဆင့်က မြန်မာ့ လက်ရွေးစင် ကစား သမားလောက် အဆင့်မျိုးတော့ ရှိနေသေးကြောင်း ပြောပါတယ်။

မြန်မာ ဘက်က ယူ ၂၃ အသင်း မအားလို့ စိုးမြတ်မင်းတို့လို မြန်မာ့ လက်ရွေးစင် ဟောင်းတွေနဲ့ ကစားမှာ ဖြစ်ကြောင်း ပြောပါတယ်။ တခါ မြန်မာ အမှတ်ပေး ပွဲတွေမှာ ကစား နေကြတဲ့ နိုင်ငံခြားသား ကစား သမား တွေကိုလည်း ကစားဖို့ အတွက် ကမ်းလှမ်းမယ်လို့ ပြောပါတယ်။

သူတို့ ၄ ယောက်က တဘက်ကို ၂ ယောက်စီ ခွဲပြီး ကစား သွားကြမှာဖြစ်ကြောင်းနဲ့ မိနစ် ၉၀ လုံး ပြေးလွှား နေတာမျိုး မတွေ့ရ နိုင်ပေမယ့်လည်း ဘောလုံး ပညာနဲ့ အကွက်ကောင်းလေးတွေ တကွက် နှစ်ကွက် တော့ တွေ့ရနိုင်မှာ ဖြစ်ကြောင်း ပြောပါတယ်။

အဲဒီ ပွဲက ရတဲ့ ငွေတွေကိုတော့ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းတွေ၊ ဆေးရုံနဲ့ HIV ဝေဒနာ ခံစား နေရသူတွေ ပြန်လည်ထူထောင်ရေး လုပ်ငန်း တွေမှာ ရွေးချယ် လှူဒါန်းသွားမယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ