မိတ္ထီလာသံဃာတွေ စာဖြေဖို့ပြင်၊ ဒုက္ခသည် အိမ်ပြန်

  • 25 ဧပြီ 2013
Image caption စာသင်သားတွေ စာမေးပွဲ ဖြေကြရတော့မယ်။

အစိုးရဓမ္မာစရိယနဲ့ ပထမပြန်စာမေးပွဲတွေကို မေလ ၂ ရက်မှာ တတိုင်းပြည်လုံး ကျင်းပတော့မှာ ဖြစ်တဲ့အတွက် မိတ္ထီလာက ရဟန်းနဲ့ ရှင်တွေလည်း စာမေးဖြေဖို့ ပြင်ဆင်နေကြရပြီ ဖြစ်ပါတယ်။

ရက်ကပ်မှ သိတဲ့အတွက် စာသင်သားတွေ နည်းနည်းတော့ ကသီမယ်လို့ မိတ္ထီလာမြို့နယ် သံဃာ့မဟာနာယကအဖွဲ့ အတွင်းရေးမှူးနဲ့ သာသနာ့ ဝေပုလ္လကျောင်းတိုက်က ဆရာတော် ဦးဝါယမက ဘီဘီစီကို ပြောပါတယ်။

ဗုဒ္ဓဘာသာတွေနဲ့ မွတ်ဆလင်တွေ အရင်လို ညီညွတ်စွာ ပြန်လည် နေထိုင်နိုင်ရေးကို ဘာသာပေါင်းစုံအဖွဲ့တွေနဲ့ ဧပြီ ၂၇ မှာ မိတ္ထီလာမှာ စည်းဝေး တွေ့ဆုံပွဲ လုပ်ဖို့ ရှိတယ်၊ ဒါပေမဲ့ အချိန်ယူ လုပ်ကြရမယ်လို့လည်း ဆရာတော်က မိန့်ပါတယ်။

၉၆၉ လှုပ်ရှားမှုတွေ မိတ္ထီလာမှာ မရှိဘူး၊ သံဃာ့ကွန်ရက်လည်း ဖွဲ့ထားတာ မရှိဘူးလို့ ဦးဝါယမက ပြောပါတယ်။

တချိန်တည်းမှာပဲ ပြီးခဲ့တဲ့ မတ် ၂၀ က စခဲ့တဲ့ လူမျိုးရေး ပဋိပက္ခအပြီး ဒုက္ခသည်စခန်း ခြောက်ခုမှာ နေထိုင်နေကြရတဲ့ ဗုဒ္ဓဘာသာနဲ့ မွတ်ဆလင် ဒုက္ခသည် တချို့လည်း အစိုးရ အစီအမံတွေနဲ့ ကိုယ့်အိမ်ရာ နေရာတွေဆီ ပြန်နေကြပါတယ်။

တချို့ပြန်ပေမယ့် တချို့လည်း ဒုက္ခသည်စခန်းတွေမှာ ဆက်လက်နေထိုင်နေကြသေးတယ်၊ စျေးဆိုင်တွေလည်း အကုန်အစုံ ပြန်ဖွင့်တာမျိုးတော့ မရှိဘူးလို့ ခရိုင်အားကစားကွင်းမှာ ဒုက္ခသည်အဖြစ် ခိုလှုံနေရတဲ့ ဦးကိုကြီးက ဘီဘီစီကို ပြောပါတယ်။