အမေရိကန်က မြန်မာကို ကုန်သွယ်ရေး အထူးအဆင့်အတန်း ပေးဖို့ စဉ်းစား

  • 26 ဧပြီ 2013
အမေရိကန်ကို ရောက်လာတဲ့ ကုန်ပစ္စည်းများ
Image caption အမေရိကန်ကို ရောက်လာတဲ့ ကုန်ပစ္စည်းများ

အမေရိကန် အစိုးရက မြန်မာနိုင်ငံကို GSP လို့ခေါ်တဲ့ ကုန်သွယ်ရေးအထူး အဆင့်အတန်းပေးတဲ့ နိုင်ငံ တခုအဖြစ် သတ်မှတ်နိုင်ဖို့အတွက် ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ အမေရိကန်ကုန် သွယ်ရေးကိုယ်စားလှယ် Demetrois Marantis ကပြောပါတယ်။ ဒါပေမယ့်လည်း မြန်မာနိုင်ငံဖက်က လိုက်နာ ဆောင်ရွက်ရမယ့် ကိစ္စတွေလည်း ရှိနေပါတယ်။

ကမ္ဘာမှာ၀ယ်လိုအား အကောင်းဆုံးနိုင်ငံတခု ဖြစ်တဲ့အမေရိကန်နိုင်ငံကို ကုန်ပစ္စည်းတင်ပို့တဲ့အခါ အမျိုးအစား ၅၀၀၀ လောက်ကို အခွန်ကင်းလွတ်ခွင့် ပေးထားတဲ့ General System of Preference – GSP အခွင့်အရေးကို ရဖို့အတွက် မြန်မာနိုင်ငံအနေနဲ့ အလုပ်သမား အခွင့်အရေးနဲ့ မူပိုင်ခွင့်ကို ထိမ်းသိမ်း ကာကွယ်ပေးတာအပါအ၀င် နိုင်ငံတကာ စံနှုန်းတွေကို လိုက်နာရမှာဖြစ်ပါတယ်။ အဲဒီလိုအပ်ချက်တွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဌ၊ သမ္မတရုံး၀န်ကြီးဦးစိုးသိန်း၊ စီးပွားရေး ၀န်ကြီးဦး၀င်းမြင့်၊ အလုပ်သမားရေး ဒုတိယ၀န်ကြီး ဦးမြင့်သိန်းတို့နဲ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ရန်ကုန်မြို့မှာ ရောက်ရှိနေတဲ့အမေရိကန်အစိုးရ ကုန်သွယ်ရေး ကိုယ်စားလှယ် Mr Demetrois Maratis က ပြောပါတယ်။

ဒါပေမယ့်လည်း မြန်မာနိုင်ငံကို GSP ပေးဖို့အတွက်က အမေရိကန်အစိုးရတခုထဲနဲ့ တွင်မပြီး ပါဘူး။ ကွန်ဂရက်လွှတ်တော်ရော၊ အမေရိကန် ပြည်သူတွေရဲ့ သဘောဆန္ဒတွေကိုပါ ထည့်သွင်း စဉ်းစားရ ပါတယ်လို့ Mr Maratis ကပြောပါတယ်။ တကယ်တော့ အမေရိကန် ပြည်ထောင်စုဟာ ၁၉၈၉ ခုနှစ်အထိ မြန်မာနိုင်ငံကို GSP အခွင့်အရေးတွေ ပေးခဲ့ ပြီး၊ စစ်အစိုးရ လက်ထက် အဓမ္မလုပ်အားပေး ခိုင်းစေမှု၊ လွတ်လပ်စွာ စုဝေးခွင့် တွေအပေါ် ချုပ်ချယ်ကန့်သတ်မှု တွေကြောင့် ဒီအခွင့်အရေးကို ပြန်ရုပ်သိမ်းခဲ့တာပါ။

အခုတခါပြန်ပြီး GSP ပေးဖို့ လုပ်ငန်းစဉ်ကို ပြန်စမယ် ဆိုတဲ့အချိန်ဟာ အီးယူ ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေကို လက်နက် ရောင်း၀ယ်တာကလွဲလို့ လုံး၀ဖွင့်ပေးလိုက်တာနဲ့လည်း တိုက်ဆိုင်နေပါတယ်။ မကြာခင် လပိုင်းအတွင်းမှာဘဲ အီးယူက မြန်မာကို GSP ပေးလိမ့်မယ်လို့ မျှော်လင့်ရတဲ့အချိန်မှာ အမေရိကန်ကလည်း မြန်မာနဲ့ကုန်သွယ်ဖို့ စိတ်၀င်စားမှုကို ပိုပြီးပြသလာတာပါ။

အခုကုန်သွယ်ရေး ကိုယ်စားလှယ် Mr Marantis ရဲ့ ခရီးစဉ်အတွင်းမှာ GSP အပြင် TIFA လို့ခေါ်တဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆက်ဆံရေးအ ခြေခံ မူဘောင်တွေကိုလည်း မြန်မာအစိုးရနဲ့ ဆွေးနွေးခဲ့ကြပါတယ်။ တကယ်တော့ အမေရိကန်ဟာ မြန်မာနိုင်ငံနဲ့ စီးပွားရေးအရ ဆက်ဆံရင်းအာဆီ ယံဒေသ တခုလုံးနဲ့ပါ ဈေးကွက်တွေ ပိုဖွင့်နိုင်ဖို့ ရည်ရွယ်ကြောင်း သူကပြောသွားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ