အင်းလေး မြေယာ အသိမ်းခံ တောင်သူတို့ လျော်ကြေး လိုချင်

  • 26 ဧပြီ 2013
inle
Image caption အင်းလေး က နိုင်ငံခြားဧည့်သည် တွေ အလာများ တဲ့ နေရာ တခုဖြစ်

အင်းလေးကန် အရှေ့ခြမ်းက မြေယာ တွေ အသိမ်း ခံထားရတဲ့ တောင်သူတွေ က သူတို့ မြေယာ တွေ အတွက် လျော်ကြေး ရလိုတယ် လို့ ပြောပါတယ်။

ဟိုတယ်ဇုံ တည်ဆောက်ဖို့ အတွက် ရည်ရွယ်ပြီး အင်းလေး ကန် အရှေ့ခြမ်း က မြေယာ စုစုပေါင်း ဧက ၆၀၀ ကျော် ကို ရှမ်းပြည်နယ် အစိုးရ က ပြီးခဲ့တဲ့ ၂၀၁၂ နိုဝင်ဘာ လ အတွင်းမှာ သိမ်းကြောင်း ကြေညာ ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ အတွင်းမှာတော့ သိမ်းထားတဲ့ လယ်မြေတွေ က အတားအဆီးတွေ၊ စိုက်ခင်း တွေ ကို ပြည်နယ်အစိုးရ ညွှန်ကြားချက် အရ စက်ယန္တရား တွေ နဲ့ လာ ထိုးဖျက် ကြတဲ့ အပေါ် သက်ဆိုင်ရာ တောင်သူတွေ က တားဆီးခဲ့သလို သူတို့ ကို လည်း အာဏာပိုင် တွေ က တရားစွဲခဲ့ပါတယ်။

တရားစွဲခံရတဲ့ တောင်သူ ၇ ဦးကို ကို ဆင့်ခေါ်ထားတဲ့ ကလော က တရားရုံး ကို အသွား လမ်းမှာ တားဆီး ခံရပြီးတဲ့နောက် သောကြာနေ့ မှာ ခရိုင်အုပ်ချုပ်ရေးမှူး က ဒီ မြေယာ အရေး လာရှင်း ပေမယ့်လည်း တောင်သူ တွေ က မကျေနပ် ကြ ပါဘူး။

တရားစွဲ ခံရသူတွေ နဲ့ အခြား လယ်သိမ်းခံ တောင်သူ စုစုပေါင်း လူ ၇၀ ကျော်လောက် ညောင်ရွှေကနေ မော်တော်ယာဉ်တွေ မစီးပဲ ကလော ကို လမ်းလျှောက် သွားကြရမှာ ရွှေညောင် နားမှာတော့ လမ်းလျှောက် ဆက်မသွား ဖို့ ပြည်နယ် ရဲမင်းကြီး အမှူးပြုတဲ့ အာဏာပိုင်တွေ က ကြာသပတေးနေ့ က တားဆီးခဲ့ပါတယ်။

ပြည်နယ်ဝန်ကြီးချုပ် ကိုယ်တိုင် ဒီ မြေယာ အရေး လာရှင်းပေးပါ့မယ် လို့ ရဲမင်းကြီးက ဖျောင်းဖျ တားဆီး ခဲ့ပေမယ့် ခရိုင် အုပ်ချုပ်ရေးမှူး သာ လာပြီး လယ်တွေ က နိုင်ငံ က ပိုင်တာ လို့ သာ လာရှင်း ခဲ့ကြောင်း လယ်သိမ်းခံရ၊ တရားစွဲခံရတဲ့ တောင်သူ တွေထဲက ကိုအောင်မျိုးဦး က ဘီဘီစီ ကို ပြောပြ ပါတယ်။

အဲဒီ လယ်မြေတွေကို ရှမ်းပြည်နယ် အစိုးရ က သိမ်းယူထားကြောင်း ကြေညာ ခဲ့ပြီး နောက်ပိုင်း တောင်သူ တွေ ကို သီးနှံလျော်ကြေး ပေးပြီး မြေကိုအပ် ဖို့ ညှိနှိုင်းခဲ့ပါတယ်။

သတ်မှတ် ထားတဲ့ သီးနှံလျော်ကြေး က ဥပမာ၊ စပါးစိုက်နေရာဆိုရင် တဧက ၄ သိန်း ၂သောင်း၊ ကြံစိုက်ထားတဲ့နေရာဆိုရင် တဧက ၂သိန်း ၁ သောင်း စတဲ့ နှုန်း နဲ့ သတ်မှတ် ပေးပြီး တောင်သူတွေ သီးနှံလျော်ကြေး ယူကြဖို့ ပြည်နယ် အစိုးရ က ပြောခဲ့ပါတယ်။

ဒီမြေ ဒီယာ တွေ ပေါ်မှာ မိဘ တွေ လက်ထက် ကတည်း က လုပ်ကိုင် လာခဲ့ပေမယ့် အာဏာပိုင် တွေ က ဖိအားတွေ ပေးလာတဲ့အတွက် တောင်သူတွေ ဘက်က သီးနှံ အတွက် လျော်ကြေး ကို လက်ခံယူ လိုက်တဲ့သူတွေ လည်း ရှိသလို လက်မခံတဲ့ တောင်သူ တွေ လည်းရှိပါတယ်။

အခု သူတို့ဆီက သိမ်းလိုက်တဲ့ မြေယာ တွေ ကို ပြည်နယ်အစိုးရက တဧက ကို ကျပ် သိန်း ၇၀၀ ကနေ ကျပ် သိန်း ပေါင်း ၁၀၀၀ အထိ သိန်း ပေါင်းများစွာ တန်ဘိုးသတ်မှတ်ပြီး ကုမ္ပဏီ တွေ ဝယ်ဖို့ လေလံတွေ ခေါ်နေတဲ့ အတွက် တောင်သူတွေ က သူတို့မြေယာ အတွက် လျော်ကြေး လိုချင်တယ်လို့ တောင်းဆို နေကြပါတယ်။