ဖမ်းထားသူ ပြန်လွှတ်ပေးဖို့ ရွာသားတွေ ဆန္ဒပြ

  • 26 ဧပြီ 2013
Letpadaung Protests
Image caption ဆန္ဒပြ ခေါင်းဆောင် တွေကို လွှတ်ပေးဖို့ တောင်သူ တွေ တောင်းဆို

လက်ပံတောင်း တောင် ကြေးနီ စီမံကိန်း ဧရိယာ ထဲက ကန့်သတ် ယာမြေ ထဲကို မူလ လယ်ပိုင်ရှင် တွေက ဝင်ရောက်ပြီး ထွန်ယက်ဖို့ ကြိုးစား မှုမှာ ဖမ်းဆီး ခံခဲ့ကြရသူ သုံးယောက် ကို ပြန်လွှတ် ပေးဖို့ ဒေသခံ ၅၀၀ ကျော်က ဧပြီလ ၂၆ ရက် သောကြာနေ့က တောင်းဆို ဆန္ဒ ပြခဲ့ ကြ ပါတယ်။

ပုဒ်မ ၁၄၄ ထုန်ပြန်ထားတဲ့ ကန့်သတ် နယ်မြေ အတွင်းက လယ်ကွက် တချို့မှာ ဝင်ရောက် ထွန်ယက်ခဲ့ကြတဲ့ ဒေသခံ လယ်သမား တွေနဲ့ ရဲတွေ ကြားမှာ ကြာသပတေးနေ့ မနက်က တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ ပါတယ်။

အာဏာပိုင်တွေ ဖမ်းဆီးသွားတဲ့ ကိုအောင်စိုး၊ ဦးမောင်ဆန်းနှင့် ကိုစိုးသူ တို့ကို ပြန်လွှတ် ပေးဖို့ နဲ့ သိမ်းဆီး ထားတဲ့ ယာမြေ တွေမှာ ပြန်လည် လုပ်ကိုင်ခွင့် ရရှိရေး တောင်းဆို ဆန္ဒပြဖို့ ညောင်ပင်ကြီး ရဲစခန်း ဆီကို ဒေသခံ လယ်သမားတွေ သွားနေတုန်း ဝက်မှေး ရွာသစ် အရောက်မှာ အာဏာပိုင် တွေရဲ့ တားဆီးတာ ခံခဲ့ရ ပါတယ်။

လက်နက်ကိုင် ရဲ လုံခြုံရေး အင်အား ၁၀၀ လောက်နဲ့ အဆင့်ဆင့် စည်းတားထားပြီး နောက်ဆုံး စည်းကို ကျော်ရင် ပစ်ခတ်မယ်လို့ သတိပေး ရေးသားထားတဲ့ အတွက် ရှေ့မဆက်တော့ဘဲ နောက်ကြောင်း ပြန်လှည့်ခဲ့တယ်လို့ ဆန္ဒပြ နေသူ တစ်ယောက် ဖြစ်တဲ့ ကိုနောင်နောင်က ပြောပါတယ်။

ဆန္ဒပြသူတွေ အနေနဲ့ အကြမ်းဖက် ဖြိုခွင်းမှု တွေကို လက်မခံ တဲ့ အကြောင်းနဲ့ ဖမ်းဆီး ထားသူ တွေကို ပြန်လွှတ် ပေးဖို့၊ လက်ပံတောင်း တောင် စီမံကိန်း လုံးဝ ဖျက်သိမ်း ဖို့နဲ့ ကိုယ့် မြေယာ တွေမှာ ပြန်လည် ထွန်ယက်ခွင့် ရဖို့ တို့ကို လိုလားကြ တယ်လို့ ဆန္ဒ ပြသူ နောက် တစ်ယောက် ဖြစ်တဲ့ ကိုလတ်က ပြောပါတယ်။

အစိုးရ အာဏာပိုင်တွေ ဘက်ကဒေါ်အောင်ဆန်း စုကြည် ဦးဆောင်တဲ့ လက်ပံတောင်း စီမံကိန်း စုံစမ်းရေး ကော်မရှင်ရဲ့ အစီရင် ခံစာနဲ့ အညီ လုပ်ပေး နေချိန်မှာ ဥပဒေနဲ့ အညီ လုပ်ဆောင် ကြဖို့ သတိပေး နေပေမဲ့ ကြာသပတေးနေ့ မနက်ပိုင်းက ဒေသခံ တောင်သူတွေ ဘက်ကနေ ဆူပူ အကြမ်းဖက် ခဲ့လို့ ခြောက်လှန့်ပြီး သေနတ်နဲ့ ပစ်ခဲ့ ရတာလို့ အစိုးရ သတင်းစာ တွေမှာ ဖော်ပြ ထားပါတယ်။

ဖမ်းဆီး ထားသူတွေ အားလုံး ဟာလည်း မင်းမဲ့ စရိုက် ဆန်ဆန် လုပ်ဆောင် ခဲ့လို့ ဖမ်းဆီး ထားတာ ဖြစ်တဲ့ အကြောင်းနဲ့ အပြစ် ကျူးလွန်သူ တွေကို ဖေါ်ထုတ် အရေးယူ သွားမယ်လို့ ထုတ်ပြန် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ