ရခိုင်မှာ ဘင်္ဂါလီစာရင်းကောက် ရိုဟင်ဂျာ လက်မခံ

Rohingya
Image caption ဒေသခံတွေက သူတို့ကိုယ်သူတို့ ရိုဟင်ဂျာတွေလို့ ပြောဆိုပြီး အစိုးရကတော့ ဘင်္ဂါလီလို့ပဲ ခေါ်ပါတယ်။

အစိုးရက ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီ လူဦးရေစာရင်း ကောက်တဲ့အခါ စစ်တွေ၊ သက်ကယ်ပြင်ဘက်က လူတစုက သူတို့ကို ရိုဟင်ဂျာလို့ အစိုးရက စာရင်းမသွင်းပေးတဲ့ အတွက် အစိုးရ တာဝန်ရှိသူတွေနဲ့ ဒေသခံတွေကြား ရုန်းရင်းဆန်ခတ် ဖြစ်ပြီး ဒဏ်ရာရမှုတွေ ရှိခဲ့ပါတယ်။

အစိုးရတာဝန်ရှိသူတွေဘက်က နှစ်ဦး ဒဏ်ရာရပြီး၊ ဘင်္ဂါလီ လူငယ်တဦး ခြေထောက်ကို ရာဘာကျည်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဘီဘီစီက စုံစမ်း သိရပါတယ်။

သက်ဆိုင်ရာ တာဝန်ရှိသူတွေက လူစာရင်း ကောက်တဲ့အခါ ဘင်္ဂါလီလို့ပဲ စာရင်းသွင်းတာကို ဒေသခံတွေက သူတို့ဟာ ရိုဟင်ဂျာတွေ ဖြစ်တယ်လို့ တောင်းဆို ရေးသွင်းခိုင်းပြီး အစိုးရ တာဝန်ရှိသူတွေက မရေးပေးတဲ့အခါ ရိုဟင်ဂျာ၊ ရိုဟင်ဂျာလို့ အော်ဟစ်ကြပြီးနောက်မှာ ထိပ်တိုက် ရင်ဆိုင်မှု ဖြစ်တာပါလို့ ရခိုင်ပြည်နယ် အစိုးရရဲ့ ပြောရေးဆိုခွင့် အဖွဲ့ဝင် ဦးဝင်းမြိုင်က ဘီဘီစီကို ပြောပါတယ်။

ဒေသခံတွေဘက်က ခဲတွေနဲ့ ပေါက်ခဲ့သလို အစိုးရ တာဝန်ရှိသူတွေဘက်ကလည်း တုန့်ပြန် အရေးယူ ဆောင်ရွက်ခဲ့တာတွေ ရှိတယ်လို့လည်း သူက ဆိုပါတယ်။

အခုတော့ ဘင်္ဂါလီ လူစာရင်း ကောက်ယူမှုကို ပြဿနာဖြစ်တဲ့ နေရာတွေမှာ ယာယီ ရပ်ဆိုင်းထားမယ်၊ ကျန်တဲ့ ရခိုင်ပြည်နယ်တွင်းက နေရာတွေမှာတော့ ဆက်လက် ကောက်ယူသွားမယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်တွင်း ဘင်္ဂါလီ လူစာရင်း စာရင်းကောက်ယူမှုကို ဒီကနေ့ကစလို့ မေလ ၁၅ ရက်အထိ ကောက်ယူမှာ ဖြစ်ပါတယ်။