တိုင်းရင်းသား မီဒီယာ ညီလာခံဟာ မနေ့က ပြီးဆုံးသွား

  • 27 ဧပြီ 2013
Image caption တိုင်းရင်းသား မီဒီယာ ညီလာခံ

အခုလ ၂၅ ရက်နေ့ ကနေ ၂၇ ရက်နေ့ အထိ မော်လမြိုင်မြို့က စထရင်း ဟိုတယ်မှာ ကျင်းပတဲ့ ပထမအကြိမ် တိုင်းရင်းသား မီဒီယာ ညီလာခံဟာ မနေ့တုန်းက ပြီးဆုံးသွားပြီး ကြေညာချက် တစောင်ကို ထုတ်ပြန်ခဲ့ပါတယ်။

Burma News International ( BNI ) အဖွဲ့၀င် တိုင်းရင်းသား မီဒီယာတွေ အပါအ၀င် ပြည်တွင်းနဲ့ ပြည်ပက တိုင်းရင်းသား မီဒီယာတွေဟာ ၃ ရက်ကြာ ညီလာခံ ကနေပြီးတော့၊ အချက် ၄ ချက်ပါတဲ့ ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

လွတ်လပ်စွာ ပြောဆိုခွင့်ကို အခြေခံပြီး နိုင်ငံတကာ စံနှုန်းနဲ့ အညီ မီဒီယာ ပေါ်ထွန်းလာရေးနဲ့ အဲဒီ ဥပဒေမှာ တိုင်းရင်းသား မီဒီယာ ဖွံ့ဖြိုးလာစေဖို့၊ နောက်တချက်က တိုင်းရင်းသား မီဒီယာရဲ့ ဖွံ့ဖြိုးရေးကို လက်တွဲ ကူညီသွားဖို့ နောက် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက အစိုးရတွေနဲ့ ဒေသတွင်း ပုံနှိပ်သတင်း၊ ရေဒီယို၊ ရုပ်သံ နောက်ပြီးတော့၊ ဘက်စုံ သတင်း မီဒီယာ တိုးတက်ရေး လုပ်ငန်းကို လွတ်လပ်စွာ ဆောင်ရွက်ခွင့် ပေးဖို့ ၄ ချက်ကို ထုတ်ပြန် ထားတယ်လို့ အဲဒီကြေညာချက်နဲ့ပတ်သက်ပြီးတော့ ညီလာခံကို ဉီးစီး ကျင်းပသူတွေအထဲက သံလွင်တိုင်းမ် အယ်ဒီတာ ကိုမင်းမင်းလတ်က ဘီဘီစီကို ပြောပါတယ်။

ဒီအချက်တွေ ရဖို့အတွက် ပြည်နယ်နဲ့တိုင်း အစိုးရတွေ ပြန်ကြားရေးဌာနနဲ့ ဒေသတွင်းက ပြည်သူ့ ကိုယ်စားလှယ် တွေကို တင်ပြပြီး ပူးပေါင်း ဆောင်ရွက် သွားမယ်လို့ ဆိုပါတယ်။

တချိန်ထဲမှာ တိုင်းရင်းဒေသတွေက လူထုတွေကို တိုင်းရင်းသား ဘာသာစကားတွေနဲ့ သတင်း အချက်အလက်တွေ၊ ကျန်းမာရေး ကြိုတင်ကာကွယ်မှု စတာတွေကို FM ရေဒီယိုတွေ ကနေ လွှင့်ထုတ် နိုင် ရေး တွေကို ကြိုးစား ဆောင်ရွက် သွားမယ်ဆိုတဲ့ အကြောင်း တချိန်ထဲမှာ တိုင်းရင်းသားဘာသာ ပုံနှိပ်မီဒီယာနဲ့ ရုပ်သံမီဒီယာတွေ ပေါ်ထွန်းရေးတွေကိုလည်း ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ဒီတိုင်းရင်းသား မီဒီယာညီလာခံကို လောလောဆယ်မှာ လိုအပ်ချက်တွေ များနေလို့ ၂၀၁၅ ခုနှစ် အထိ တနှစ်တကြိမ် ကျင်းပသွားမှာ ဖြစ်ပြီး၊ ရှေ့နှစ် ညီလာခံကို ရှမ်းပြည်နယ် မြို့တော်၊ တောင်ကြီးမြို့မှာ ကျင်းပဖို့ စီစဉ်ထားတယ်လို့ ကိုမင်းမင်းလတ်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ