ဒေသဖွံ့ဖြိုးရေး တနှစ်ကို ကျပ်သိန်းတထောင် သုံးခွင့်ပြု

  • 27 ဧပြီ 2013
Image caption မဲဆန္ဒရှင်တွေရဲ့ လိုအပ်ချက်တွေကို လွှတ်တော် ကိုယ်စားလှယ် တွေရဲ့ ရန်ပုံငွေတွေနဲ့ ဖြည့်ဆည်းပေး နိုင်တော့မယ်။

မြန်မာပြည်သူတွေအတွက် ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ပိုဆောင်ရွက်နိုင်အောင် မြို့နယ်အလိုက် မဲဆန္ဒနယ်မြေတခုကို တနှစ်မှာ ကျပ်ငွေသိန်း တထောင်အထိ လွှတ်တော် ကိုယ်စားလှယ်တွေက ခွင့်ပြုပေးနိုင်မယ့် ရန်ပုံငွေ တရပ်ကို မကြာခင် စတင် သုံးစွဲနိုင် တော့မယ်လို့ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ လွှတ်တော် ကိုယ်စား လှယ်တဦးက ပြောပါတယ်။

ဒီရန်ပုံငွေကို ပြီးခဲ့တဲ့ လွှတ်တော် အစည်းအဝေး တွေမှာ ဘတ်ဂျက် ခွဲဝေကြတုန်းက အတည်ပြုခဲ့တာ ဖြစ်တယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ မလှိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက်က ဘီဘီစီကို ပြောပါတယ်။

ဒီရန်ပုံငွေဟာ တကယ်တော့ ပြည်သူ့ဘဏ္ဍာကနေ ရယူထားတာ ဖြစ်ပြီး တကယ် လိုအပ်နေတဲ့ နေရာတွေမှာ အစိုးရ အဖွဲ့က ချက်ချင်း ဆောင်ရွက်မပေးနိုင်တဲ့ အခါမျိုးတွေမှာ လွှတ်တော် ကိုယ်စားလှယ်တွေက လိုအပ်သလို ခွင့်ပြု သုံးစွဲပေး နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအစီအစဉ်ကို ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ကမကထ ပြုခဲ့ပြီး မြစ်ကြီးနားက လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်က အဆိုတင်သွင်းခဲ့တာလို့ ဦးအေးမောက်က ပြောပါတယ်။

ဒီအစီအစဉ်ဟာ တကယ်တော့ အိန္ဒိယနိုင်ငံက နမူနာကို ယူထားတာ ဖြစ်တယ်လို့ သင်္ဃန်းကျွန်းမြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။

လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ ဒီဘတ်ဂျက်ငွေတွေကို မကြာခင် လပိုင်း အတွင်းမှာ သုံးစွဲနိုင်တော့မယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း မြန်မာနိုင်ငံရဲ့ လွှတ်တော် မဲဆန္ဒနယ်တွေကို ဖွဲ့စည်းထားပုံ အရ မြို့နယ် တခုချင်း အလိုက် ပါဝင် ပတ်သက်နေတဲ့ ပြည်သူ့ လွှတ်တော်၊ အမျိုးသား လွှတ်တော်နဲ့ ပြည်နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တွေ အကြား ဒီဘတ်ဂျက်ငွေ သုံးစွဲရေးနဲ့ ပတ်သက်ပြီး ညှိနှိုင်း ဆောင်ရွက် ကြရမှာ ဖြစ်ပါတယ်။

ဒီငွေတွေကို သုံးပြီး လုပ်ငန်း လက်တွေ့ အကောင်အထည် ဖော်ရမှာကတော့ သက်ဆိုင်ရာ အစိုးရ ဌာနတွေသာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီအစီအစဉ်ဟာ မဲဆန္ဒရှင် ပြည်သူတွေ အနေနဲ့သူတို့ရဲ့လိုအပ်ချက် တွေကို ဖြည့်ဆည်းပေးဖို့ လွှတ်တော် ကိုယ်စားလှယ်တွေကို တိုက်ရိုက် ပြောကြ တဲ့အခါ လွှတ်တော် ကိုယ်စားလှယ်တွေ ကလည်း သူတို့မှာရှိတဲ့ ရန်ပုံငွေနဲ့ ကူညီ ဖြည့်ဆည်း ပေးနိုင်မယ့် အစီအစဉ် ဖြစ်ပါတယ်။