ILO နဲ့ သမဂ္ဂများ ဆွေးနွေးပွဲ

  • 28 ဧပြီ 2013
Image caption အိုင်အယ်လ်အို ညီလာခံ တက်မယ့် အလုပ်သမား ကိုယ်စားလှယ်ရွေး

မြန်မာနိုင်ငံမှာ ILO နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ်က ဦးစီးပြီး မှတ်ပုံတင် ကျပြီးသား မြန်မာ အလုပ်သမား သမဂ္ဂတွေနဲ့ Forum ဆွေးနွေးပွဲ တခု ရန်ကုန်မှာ တနင်္လာနေ့ ကစလို့ ၂ ရက်ကြာ ကျင်းပမှာ ဖြစ်ပါတယ်။

အခု ကျင်းပမယ့် ဖိုရမ်မှာ ဂျီနီဗာက အိုင်အယ်လ်အို အလုပ်သမား ညီလာခံကို တက်ရောက်မယ့် အလုပ်သမား ကိုယ်စားလှယ် တဦးနဲ့ အကဲခတ် ၂ ဦးကို ရွေးချယ်ကြမယ်၊ ခုံသမာဓိ ကောင်စီမှာ လက်ရှိ တာဝန်ပေးထားတဲ့ အလုပ်သမား ကိုယ်စားလှယ်တွေကို တာဝန် ဆက်ပေးသင့်မသင့် ပြန်လည် ဆန်းစစ်မယ်၊ အိုင်အယ်လ်အိုရဲ့ အကြံပေး အတိုင်ပင်ခံ အဖွဲ့ကို အလုပ်သမား သမဂ္ဂများရဲ့ လုပ်ငန်းအလိုက် ဖွဲ့စည်းကြမှာ ဖြစ်တယ်လို့ ဖိုရမ်ကို တက်မယ့် LRDP အလုပ်သမား အခွင့်အရေး ကာကွယ် မြှင့်တင်ရေးအဖွဲ့ နိုင်ငံတကာ ဆက်ဆံရေး တာဝန်ခံ မအိရွှေစင်ညွန့် က ပြောပြပါတယ်။

ဂျီနီဗာ အိုင်အယ်လ်အို အလုပ်သမားညီလာခံကို တက်မယ့် အလုပ်သမား ကိုယ်စားလှယ် ရွေးချယ်ရာမှာ တကယ့် အလုပ်သမားတွေကို ကိုယ်စားပြုသူ ဖြစ်ဖို့ အရေးကြီးတယ်လို့ သူက အရင် ဖြစ်ရပ်တွေကို ထောက်ပြ ပြောဆို ပါတယ်။

မြန်မာနိုင်ငံမှာ လောလောဆယ် မှတ်ပုံတင် ကျပြီးသား အခြေခံ အလုပ်သမား သမဂ္ဂ ၅ဝဝ ခန့်ရှိနေပြီး မြို့နယ်အဆင့် အလုပ်သမား သမဂ္ဂ ၆ ဖွဲ့၊ သင်္ဘောသား သမဂ္ဂ အဖွဲ့ချုပ် ၁ ဖွဲ့ ရှိနေပြီလို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ