ထိုင်းကနေ မြန်မာကို တရားဝင် ငွေလွှဲလုပ်ငန်းစ

  • 28 ဧပြီ 2013
Burmese workers
Image caption ထိုင်းရောက် မြန်မာအလုပ်သမားများ

ထိုင်းမှာ အလုပ်လုပ် နေကြတဲ့ သိန်းနဲ့ သန်းနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေဟာ ထိုင်းဘဏ်တွေ ကနေ မြန်မာပြည်က ဘဏ်တချို့ဆီကို တရားဝင် ငွေလွှဲနိုင်ပြီလို့ သိရပါတယ်။

ထိုင်းမှာရှိတဲ့ Siam Commercial Bank ကနေ မြန်မာနိုင်ငံက ကမ္ဘောဇဘဏ်ကို ငွေလွှဲနိုင်ပြီး၊ နောက်မကြာခင် တခြား ထိုင်း ဘဏ်တွေက နေလည်း လွှဲနိုင်မယ်လို့ ကမ္ဘောဇဘဏ် အထွေထွေမန်နေဂျာ ဦးဇော်လင်းထွဋ်က ပြောပါတယ်။

ကမ္ဘောဇ နည်းတူ တခြား မြန်မာဘဏ် တချို့လည်း ငွေလွှဲလုပ်ငန်း လုပ်နိုင်ပြီလို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ငွေလွှဲခွင့်ရတဲ့ ပြည်တွင်း ဘဏ်လေး ခုထဲမှာ ကမ္ဘောဇဘဏ်အပြင် CB ဘဏ်၊ AGD ဘဏ်နဲ့ ဧရာဝတီဘဏ် တွေလည်း ပါဝင်ပါတယ်။

သိပ်မကြာခင်ကလည်း စင်ကာပူ၊ မလေးရှားတို့ကနေ ငွေ လွှဲလို့ ရခဲ့သလို အခုလည်း ထိုင်းနိုင်ငံ နဲ့ပါ တရားဝင် ငွေလွှဲ လုပ်ငန်း စ လုပ်နိုင်တာ ဖြစ်တယ်လို့ ဦးဇော်လင်းထွဋ်က ပြောပါတယ်။

ငွေလွှဲမယ့်သူတွေဟာ တရားဝင် အလုပ်သမားဖြစ်ဖို့ လိုပြီး ထိုင်းဘဏ်မှာ အရင် မှတ်ပုံတင်ထားဖို့ လိုတယ်လို့လည်း သူက ပြောပါတယ်။

မြန်မာပြည်ဘက်ခြမ်း ဘဏ်ကနေ ငွေလွှဲခ ကောက်ယူမှာ မဟုတ်ပဲ နိုင်ငံခြားငွေ လဲနှုန်းအတိုင်းသာ ငွေကို ပြန်ထုတ်ယူနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ထိုင်းမှာ တရားဝင် အလုပ်သမားထက် တရားမဝင် အလုပ်သမားက များနေသလို အလုပ်သမား အများ အပြားက ဘဏ်အသုံးပြုမှု နည်းနေဆဲမို့ အလုပ်သမားတွေ ကိုယ်တိုင် ဘယ်လောက် အတိုင်းအတာထိ ထိထိ ရောက်ရောက် ငွေလွှဲနိုင်မယ်ဆိုတာ မေးစရာ ရှိနေ သေးတယ်လို့ အလုပ်သမား အရေး ဆောင်ရွက် နေသူတွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ