UNOCHA ကိုယ်စားလှယ် EUမှာ မြန်မာအကြောင်း ရှင်းပြ

  • 29 ဧပြီ 2013
Image caption ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှု ဆိုင်ရာ အရေးပေါ် အကူအညီပေးရေး ညှိနှိုင်းရေးမှူး ဗလာရီ အေးမိုး မြန်မာနိုင်ငံ ရောက်ခဲ့စဉ်က

ကုလသမဂ္ဂဆိုင်ရာ လူသားချင်း စာနာတဲ့ ကိစ္စရပ်များ ညှိနှိုင်း ဆောင်ရွက်ရေး အဖွဲ့ ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာကိုယ်စားလှယ် Barbara Manzi ဟာ EU အဖွဲဝင်နိုင်ငံတွေက ကိုယ်စားလှယ်တွေနဲ့ မနေ့က ဘရပ်ဆဲလ်စ်မြို့မှာ တွေ့ဆုံပြီး မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ နေရာဒေသတွေက အခြေအနေတွေနဲ့ လူသားချင်း စာနာတဲ့ ကယ်ဆယ်ရေး ကြိုးပမ်း ဆောင်ရွက်မှုတွေ အကြောင်း ရှင်းလင်း ပြောပြခဲ့ပါတယ်။

ဒီမိုကရေစီ အသွင်ကူးပြောင်းဖို့ ပြင်နေတဲ့ မြန်မာနိုင်ငံမှာ လူသားချင်း စာနာတဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ကိုင်ရာမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေ အကြောင်း Barbara Manzi ကို ဘီဘီစီက ဆက်သွယ်မေးခဲ့ရာမှာ နေရာ ဒေသအလိုက် အခက်အခဲ အမျိုးမျိုး တွေ့ရပါတယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် အကြမ်းဖျဉ်း ပြောရမယ် ဆိုရင် နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ ကယ်ဆယ်ရေး အကူအညီ လိုအပ်နေသူတွေဆီ အရောက်သွားနိုင်ရေးမှာ ရှုပ်ထွေးပြီး အရာမရောက်တဲ့ ဗျူရိုကရက် စည်းမျဉ်း စည်းကမ်းတွေကြောင့် အခက်အခဲ တွေ့ရလေ့ ရှိတယ်လို့ Barbara Manzi က ဆိုပါတယ်။

ကချင် ဒေသမှာဆို ဒေသခံ အဖွဲ့တွေရဲ့ ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်မှုတွေ က အတိုင်းထက် အလွန် ကောင်းမွန်တယ်လို့ ဆိုရပေမယ့် အဲဒီမှာ အကူအညီတွေ လိုအပ်နေဆဲမို့ ဒေသခံတွေ နဲ့ နိုင်ငံတကာ အဖွဲ့တွေ အတူပူးပေါင်း ဆောင်ရွက်နိုင်ရေးဟာ သိပ်ကို အရေးကြီး ပေမယ့် ကချင်ဒေသက KIA ထိန်းချုပ်တဲ့ နယ်မြေတွေဆီ ကုလသမဂ္ဂအဖွဲ့ သွားရောက် အကူအညီပေးမှုတွေကို တိုက်ပွဲ အခြေအနေတွေကြောင့် July လကစပြီး ဆိုင်းငံ့ထားခဲ့ရတယ်လို့ Barbara Manzi က ရှင်းပြခဲ့ပါတယ်။

တခါ ရခိုင်ဒေသက ပဋိပက္ခ ကတော့ လူမျိုးအုပ်စုနှစ်စုကြား ဖြစ်တဲ့ ပဋိပက္ခနဲ့ ပတ်သက်လို့ ပြောပြရာမှာ ဒုက္ခသည်စခန်း တချို့ဆီ ပြည်တွင်းကရော ပြည်ပကပါ လူသားချင်း စာနာတဲ့ ကယ်ဆယ်ရေး အကူအညီတွေ ပေးရေးနဲ့ ပတ်သက်လို့ အဲဒီက လူမှု အသိုင်းအဝိုင်းက အဖွဲ့ဝင် တချို့က သိပ်လိုလိုလားလား မရှိတာမို့ အတော်လေး စိုးရိမ်မိပြီး မကြာခင် မုတ်သုံ ရာသီ စတော့မှာ ဆိုတော့ အဲဒီက ဒုက္ခသည်စခန်းတွေမှာ ကယ်ဆယ်ရေး အကူအညီတွေ အရေးတကြီး လိုအပ်နေတယ်လို့ Barbara Manzi က ဆိုပါတယ်။

ဒီတော့ OCHA အဖွဲ့ အနေနဲ့ မြန်မာနိုင်ငံမှာ ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အာဏာပိုင်တွေဘက်က ပူးပေါင်းဆောင်ရွက်မှု အတိုင်းအတာကရော ဘယ်လောက်ရှိပါသလဲလို့ ဘီဘီစီက မေးမြန်းရာမှာ အာဏာပိုင်တွေ ဘက်က နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ပူးပေါင်း ဆောင်ရွက်တာမျိုး ရှိတယ်လို့ တထစ်ချ ပြောနိုင်ပေမယ့်လည်း ဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ သတင်း အချက်အလက်တွေ ပေးရာမှာ ပွင့်လင်း မြင်သာမှု ရှိရေးမှာတော့ လိုအပ်မှု တချို့ ရှိနေတယ်လို့ သူက ထောက်ပြခဲပါတယ်။

ဒီအတွက် အာဏာပိုင်တွေ နဲ့ ထိတွေ့ ဆက်ဆံမှုတွေပြီး တဖြည်းဖြည်းချင်း လုပ်သွားဖို့ ပြင်ဆင်ထားသလို တခါ နိုင်ငံတကာ အသိုင်းအဝိုင်း ဘက်ကလည်း ပဋိပက္ခ ဖြစ်ရာနေရာတွေက ပြဿနာတွေ ကို ကူညီ ဖြေရှင်းပေးဖို့ တာဝန်ရှိပါတယ် ၊ ကယ်ဆယ်ရေး အကူအညီတွေ ပေးနေရုံတင်မက ဒီဒေသတွေမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေကို ရေရှည် ပြေလည်သွားစေမယ့် နည်းလမ်းတွေနဲ့ ကူညီ ဖြေရှင်းပေးဖို့လည်း လိုတယ်လို့ Barbara Manzi က ဆိုသွားခဲ့ ပါတယ်။

မြန်မာနိုင်ငံ ရှေ့လျှောက် ရင်ဆိုင်ကြုံတွေ့ရမယ့် အခက်အခဲတွေနဲ့ ပတ်သက်လို့ EU အဖွဲ့ဝင် နိုင်ငံတွေက အကူအညီ ဆက်လက်ပေးနိုင်မှုကို မေးမြန်းတဲ့ အခါ ဒီမိုကရေစီ အသွင်ကူးပြောင်းနေတဲ့ နိုင်ငံတွေအနေနဲ့ တွေ့ကြုံ ရင်ဆိုင်ရမယ့် စိန်ခေါ်မှာ အခက်အခဲတွေကတော့ အတော်လေး ကြီးမား ရှိပေမယ့် ကျမတို့အနေနဲ့ကတော့ အတွေ့အကြုံ ဗဟုသုတ နဲ့ ပတ်သက်လို့ပဲ ဖြစ်ဖြစ် ဖွဲ့စည်းပုံ အဆောက်အအုံ တည်ဆောက်ရေးမှာပဲ ဖြစ်ဖြစ်၊ တိုင်းရင်းသား လူမျိုး ပေါင်းစုံရဲ့ ရှုထောင့် အမြင်တွေ ပါဝင်ပြီး ပွင့်လင်း မြင်သာတဲ့ နိုင်ငံ့ အနာဂါတ် တည်ဆောက်ရာမှာပဲ ဖြစ်ဖြစ် ကူညီ ဆောင်ရွက်သွားမှာပါလို့ Barbara Manzi က ရှင်းပြခဲ့ပါတယ်။

ဒါတွေနဲ့ ပတ်သက်လို့လည်း EU ကိုယ်စားလှယ်တွေကို တင်ပြမှာ ဖြစ်ပေမယ့် အရေးကြီးတာက လောလောဆယ်မှာ EU အဖွဲ့ဝင် နိုင်ငံတွေနဲ့ မြန်မာ နိုင်ငံအကြား ထိတွေ့ ဆက်ဆံမှုတွေ ရှိလာနေရာမှာ ငွေကြေး အကူအညီတင်မက လူ့အခွင့်အရေး ဆိုင်ရာ လုပ်ထုံး လုပ်နည်းတွေ၊ လူသားချင်း စာနာမှု ဆိုင်ရာ နိုင်ငံတကာ စည်းမျဉ်း ဥပဒေတွေ ကို သိလာအောင် လုပ်ပေးဖို့နဲ့ အစိုးရကိုတင်မက အစိုးရ မဟုတ်တဲ့ တခြား အဖွဲ့အစည်းတွေကိုပါ အကူအညီပေးခြင်းအားဖြင့် အားလုံးပါဝင်တဲ့ တလုံးတဝတည်းသော မြန်မာနိုင်ငံအဖြစ် တည်ထောင်နိုင်ဖို့ကို ကူညီ ဆောင်ရွက်သွားဖို့ ဖြစ်တယ်လို့ Barbara Manzi က ပြောသွားခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ