ဥက္ကံ မှာ ပုဒ်မ ၁၈၈ ထုတ်ပြန်

  • 30 ဧပြီ 2013
_okkan_304x171_bbc_
Image caption ဥက္ကံမြို့ မှာ စျေးဆိုင် အဖျက်ခံရ

ရန်ကုန်မြို့ မြောက်ဘက် မိုင် ၈ဝ လောက် အကွာ ဥက္ကံမြို့ မှာ အင်္ဂါနေ့ က ဗုဒ္ဓဘာသာဝင် တွေ နဲ့ မွတ်ဆလင်တွေ ကြား ပဋိပက္ခ ဖြစ်လို့ ဗလီတလုံး နဲ့ မွတ်ဆလင် တွေ ပိုင်တဲ့ စျေးဆိုင် တော်တော် များများ ဖျက်ဆီး ခံခဲ့ရပါတယ်။ ။

အခင်းဖြစ်ရခြင်းက မနေ့ မနက် ၉ နာရီအချိန် ဈေးထဲ မှာ လူစည်ကားတဲ့အချိန် ဆွမ်းခံကြွလာတဲ့ ကိုရင် တပါး ကို မွတ်ဆလင် အမျိုးသမီး တဦးက မတော်တဆ ဝင်တိုက်မိရာ ကနေ သပိတ် ကျကွဲပြီး ပြဿနာတွေ စခဲ့တာပါ။ မွတ်ဆလင် အမျိုးသမီးက သပိတ်ဖိုး ပြန်လျော် ပေးပေမယ့် ကိုရင်ကို မချေမငံ ဆက်ဆံတယ် ဆိုတဲ့သတင်း က တမုဟုတ်ချင်း ပျံ့နှံ့သွားတာကြောင့် မွန်းလွဲ ၁နာရီကျော် လောက်မှာ ဥက္ကံမြို့ အနီး တဝိုက် ကျေးရွာတွေက လူတွေ ရောက်လာကြပြီး လမ်းချိုးဗလီ နဲ့ မွတ်ဆလင် ဈေးဆိုင် တွေကို ဖျက်ဆီးခဲ့ကြပါတယ်။

ဒါကို ရဲတပ်ဖွဲ့က သေနတ် ပစ်ဖောက်ပြီး သတိပေး တားဆီး ခဲ့ရတယ်လို့ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့က ရဲမှူးကြီး ဝင်းနိုင် က ပြောပါတယ်။ ရာဘာ ကျည်ဆန် သုံးချက် ပစ်ဖောက် ခဲ့တယ်လို့ ရဲမှူးကြီး ဝင်းနိုင် က ဆိုပါတယ်။ ဒီ ပဋိပက္ခ အတွင်း လူသေတာ မရှိပေမယ့် ဒဏ်ရာရသူ ၁ဝ ဦးရှိပြီး မွတ်ဆလင် ၉ ဦး ဗုဒ္ဓဘာသာဝင် ၁ ဦး ပါ၀င် တယ် လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဥက္ကံမြို့ပေါ်မှာ ဒေသန္တရ အမိန့်ထုတ်ပြန် ကြေညာချက်ကို အသံချဲ့စက် ကနေ အသိပေး ကြေညာ ပါတယ်။

ပုဒ်မ ၁၈၈ ထုတ်ပြန်ပြီး ဆူပူ လှုံ့ဆော်တာတွေ မလုပ်ဖို့ တားမြစ်ကြောင်း ကြေညာ တာပါ။ အဲဒီအချိန်မှာ ဥက္ကံဆေးရုံ မှာတော့ မွတ်ဆလင် လူနာ ၆ ဦးရှိနေပါတယ်။ လက်နဲ့ဦးခေါင်းမှာ ဒဏ်ရာ ရထားတဲ့ လူနာတဦး နဲ့ မျက်စိမှာ ဒဏ်ရာရ ထားတဲ့ မွတ်ဆလင် အမျိုးသမီးတဦးကို ဘီဘီစီ က တွေ့ခဲ့ ရပါတယ်။

ဒဏ်ရာ ရထားတဲ့ ဗုဒ္ဓဘာသာ၀င် လူနာ ကိုတော့ သူ့ဆန္ဒအရ တိုက်ကြီးဆေးရုံ ကို ပြောင်းရွှေ့ ပေးလိုက်ပြီး ဒဏ်ရာ ပြင်းထန်တဲ့ လူနာသုံးဦး ကို ရန်ကုန်ဆေးရုံ ပို့ထားတယ် လို့ ဘီဘီစီ ကို ပြောပါတယ်။ မြို့ထဲမှာတော့ လူသွားလူလာ တချို့ တွေ့ရပြီး တည်ငြိမ် နေပုံရပေမယ့် မြို့နဲ့ ၁၅ မိနစ်လောက် ကားမောင်းရင် လှမ်းမြင် နိုင်တဲ့ ရွာ တချို့ ကတော့ မီးလောင်ပြင် ဖြစ်နေပါပြီ။

အဲဒီရွာတွေမှာ နေကြတဲ့ မွတ်ဆလင်တွေ ကတော့ အနီးအနား မှာ ပုန်းခို နေကြတယ် လို့ စောစောပိုင်းက အဲဒီကို ရောက်ခဲ့သူတွေ က ဆိုပါတယ်။ ဥက္ကံမြို့အနီးရှိ ရန်ကုန် ပြည်လမ်းမ ပေါ်မှာတော့ ပုဒ်မ ၁၈၈ ထုတ်ပြန် ထားတဲ့ကြား က တုတ်တွေ ကိုယ်စီ ကိုင်ထား သူတွေကို ဟိုတစု ဒီတစု တွေ့ရတယ်လို့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။ ဒီတော့ လုံခြုံရေး တပ်ဖွဲ့ တွေ ပြောသလို အခြေအနေ ထိန်းနိုင်ပြီ ဆိုရင်တောင် ပြဿနာတွေ အဆုံးသတ် သွားပြီ လို့ မပြောနိုင်သေးကြောင်း ဥက္ကံရောက် ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ