ဥက္ကံမြို့ ပဋိပက္ခ ဒုက္ခသည်တွေကို အကူအညီတွေ ပေး

Image caption ပဋိပက္ခတွေကြောင့် နေအိမ် ပျက်စီး ဆုံးရှုံးသွား တဲ့ ဒုက္ခသည်ပေါင်း ၅၀၀လောက်ရှိ

အင်္ဂါနေ့တုန်းက ဘာသာရေး ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ဥက္ကံမြို့နဲ့အနီးတဝိုက်မှာ ဒီကနေ့မှာ အခြေအနေတွေ တည်ငြိမ်နေပြီ ဖြစ်ပေမယ့် လုံခြုံရေးကတော့ ထူထူထပ်ထပ်ချထားဆဲပါ။

အိုးအိမ် ဖျက်ဆီးခံခဲ့ရတဲ့ မွတ်ဆလင် ဒုက္ခသည်တွေ အတွက်လည်း အစိုးရနဲ့ အခြားအလှူရှင်တွေက ကယ်ဆယ်ရေး ပစ္စည်းတွေ လိုက်လံ ဝေငှပေး နေပါတယ်။

တိုင်း၀န်ကြီးချုပ် ဦးမြင့်ဆွေနဲ့အတူ ကြက်ခြေနီ၊ မီးသတ် စတဲ့ အဖွဲ့အစည်းတွေက ကူညီ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နေကြတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။

ဆန်၊ ဆီ၊ ဒယ်အိုး စတဲ့ အခြေခံ လိုအပ်တဲ့ ပစ္စည်းတွေကို လိုက်လံ ဝေငှနေတာ ရှိပေမယ့် အမိုးအကာနဲ့ ပြန်လည် ထူထောင်ရေး ကိစ္စတွေကိုတော့ မစတင်နိုင် သေးဘူးလို့ သိရပါတယ်။

ဒုက္ခသည် မွတ်ဆလင် အမျိုးသမီး တဦးကတော့ မြို့ပေါ်မှာ ထိခိုက် ပျက်စီးသွားတဲ့ မူဆလင် အိမ်တွေမှာ ဘာအကူအညီမှ မရတဲ့အပြင် လစ်လျူရှု ခံထားရတယ်လို့ မူဆလင်အမျိုးသမီး တဦးက ပြောပါတယ်။

အစိုးရဖက်က အရေးယူမှု အားနည်းတယ် ဆိုတဲ့ ဝေဖန်မှုတွေ ရှိခဲ့ပေမယ့် နောက်ထပ် တိုက်ခိုက်မှုတွေ မဖြစ်အောင် လုံခြုံရေး တပ်ဖွဲ့တွေက ကာကွယ် တားဆီးနိုင်ခဲ့ တာတွေလည်းရှိပါတယ်။

ဗုဒ္ဓဟူးနေ့ညက သာယာဝတီမြို့ဖက်ကို ထော်လာဂျီ တစင်းနဲ့ မီးတုတ်တွေ တင်လာတဲ့ လူ ၁၂ ဦးကို ရဲက တားဆီးလိုက်နိုင်ခဲ့ပြီး ၃ ဦးကို ဖမ်းထားတယ်လို့ သာယာဝတီ မြို့ခံတဦးကပြောပါတယ်။