အမေရိကန်က မြန်မာအပေါ် ပိတ်ဆို့မှု သက်တမ်းတိုး

Image caption နိုင်ငံရေး အကျဉ်းသားတွေ ဆက်ရှိနေပြီး၊ မြောက်ကိုရီးယား နဲ့လည်း ဆက်ဆံမှု ရှိ နေတာ ကြောင့် ပိတ်ဆို့မှု သက်တမ်း ထပ်တိုး

အမေရိကန် ပြည်ထောင်စုဟာ မြန်မာ နိုင်ငံ အပေါ် ချမှတ်ထားတဲ့ ပစ်မှတ်ထား ဒဏ်ခတ် ပိတ်ဆို့ မှုတွေကို သက်တမ်း တနှစ် ထပ်တိုး လိုက် ပါတယ်။

မြန်မာ နိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား တွေကို ဆက်လက် ထိန်းသိမ်း ထားဆဲ ဖြစ်ပြီး မြောက်ကိုရီးယား နိုင်ငံနဲ့လည်း စစ်ရေး ဆက်ဆံ မှုတွေ ဆက်ရှိ နေတာ ကြောင့် အခုလို သက်တမ်း ထပ်တိုး လိုက်တာ ဖြစ်ပါတယ်။

အခု ပိတ်ဆို့မှု တွေကတော့ မြန်မာ့ ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲမှု တွေကို ဆန့်ကျင်တဲ့ ဒါမှ မဟုတ် မြောက်ကိုရီးယားနဲ့ ပတ်သက်နေ သူတွေနဲ့ ကုမ္ပဏီ တွေကို အဓိက ထား ချမှတ် ခဲ့တာ ဖြစ်ပါတယ်။

သမ္မတ အိုဘားမားက ကွန်ဂရက်ကို ပေးပို့တဲ့ စာထဲ မှာတော့ မြန်မာ နိုင်ငံက ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲ မှုတွေဟာ နောက်ကြောင်း ပြန် မလှည့်ဘူး ဆိုတာ သူ့ အနေနဲ့ လက်ခံ ယုံကြည် လို့ မရသေးဘူးလို့ ဖေါ်ပြထား ပါတယ်။

ဒါပေမယ့်လို့ မြန်မာ နိုင်ငံ စစ်အာဏာရှင် စနစ်ကို အဓိက ကြိုးကိုင် ခဲ့သူတွေ အပေါ် အမေရိကန် ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင် ထားတာတွေ ကိုတော့ ပြန်ရုပ်ပေး လိုက် ပါတယ်။

သမ္မတ ဦးသိန်းစိန် ဟာလည်း မေလ တတိယ ပတ်ထဲမှာ အမေရိကန်ကို သွားရောက်ဖို့ ရှိပြီး ဝါရှင်တန်မှာ သမ္မတ အိုဘားမားနဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ သိရ ပါတယ်။

အခုလို သက်တမ်း တိုးမှု နဲ့ ပတ်သက်ပြီး အမေရိကန် အင်ဒီယားနား တက္ကသိုလ် မှ အခြေခံ ဥပဒေ ဆိုင်ရာ ပညာရှင် ဒေါက်တာ Salai Ngo Cung Lian က အမေရိကန် ဟာ ဒဏ်ခတ်ပိတ်ဆို့ မှု ကို အလွယ်မဆုံးဖြတ်သလို၊ ဖယ်ရှားပစ်ရေး လည်း အလျင်စလို မလုပ်တတ်ကြောင်း ဘီဘီစီ ကို ပြောပါတယ်။ အမေရိကန် မှာ မြန်မာ တိုင်းရင်းသား လူမျိုးတွေ များပြားတဲ့ အတွက် ဒဏ်ခတ် ပိတ်ဆို့မှု မရုပ်သိမ်းရေး ကို စည်းရုံး လှုံ့ဆော်သူ တွေ ရှိနေသေး ကြောင်း ပြောပါတယ်။

သမ္မတ ဦးသိန်းစိန် အမေရိကန် ကို လာတဲ့ အခါမှာ သူနဲ့ လိုက်ပါလာသူ တွေ အနေနဲ့ ပိတ်ဆို့မှု ရုပ်သိမ်းပေးရေး အပိုင်း ကို ရှင်းလင်း ဖျောင်းဖျ ပေးဖို့ လိုကြောင်း၊ ဒါမှသာ လာမယ့် ဇွန်လ ၄ရက် နေ့ အမေရိကန် လွှတ်တော် ကြားနာမှု မှာ ဒီကိစ္စ ဆွေးနွေးရာမှာ အထောက်အကူ ဖြစ်နိုင် ကြောင်း ဒေါက်တာ Salai Ngo Cung Lian က ဘီဘီစီ ကို ရှင်းပြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ