မြန်မာ သတင်း မီဒီယာ အစွမ်းကုန် မလွတ်လပ်သေး

  • 3 မေ 2013
Information Minister U Aung Kyi
Image caption ပြန်ကြားရေး ဝန်ကြီးက မြန်မာ့ မီဒီယာ လွတ်လပ် ခွင့် အဆင့်နဲ့ ပတ်သက်ပြီး ပြောခဲ့

မြန်မာ နိုင်ငံရဲ့ သတင်း မီဒီယာ လွတ်လပ်ခွင့် အစွမ်းကုန် လွတ်လပ်တဲ့ အဆင့် ရောက်ဖို့ အတော် လိုအပ် နေသေးတယ်လို့ ပြန်ကြားရေး ဝန်ကြီး ဦးအောင်ကြည်က ပြော ပါတယ်။

ဒီမို ကရေစီ အသွင် ကူးပြောင်း ကာစ အခြေ အနေပဲ ရှိသေးတဲ့ မြန်မာ နိုင်ငံမှာ သတင်း လွတ်လပ်ခွင့် ဟာ Libertarian model လို့ ခေါ်တဲ့ လုံးဝ လွတ်လပ်တဲ့ အဆင့် ကို မရောက်သေးဘဲ Socially responsible model လို့ ခေါ်တဲ့ ကိုယ့် နိုင်ငံရဲ့ လူမှု အဖွဲ့ အစည်းနဲ့ ယဉ်ကျေးမှု အရ သဟဇာတ ဖြစ်တဲ့ ပုံစံ ဆီကို ဦးတည် ဆောင်ရွက်နေ တယ်လို့ ပြန်ကြားရေး ဝန်ကြီးက ဘီဘီစီနဲ့ သီးသန့် တွေ့ဆုံ မေးမြန်းခန်းမှာ ပြောခဲ့ ပါတယ်။

သတင်း မီဒီယာ လွတ်လပ်ခွင့် အဆင့်ဆင့်ကို ခွဲခြား သတ်မှတ်ထားတဲ့ အဆင့် လေးဆင့်မှာ မြန်မာ နိုင်ငံဟာ အိမ်နီးချင်း နိုင်ငံတွေကို ကျော်လွန်တဲ့ အဆင့် ရောက်နေတယ် လို့ လည်း ပြန်ကြားရေး ဝန်ကြီးက ဆိုပါတယ်။

ကိုယ့် နိုင်ငံရဲ့ လူမှု အဖွဲ့ အစည်းနဲ့ ကိုက်ညီတဲ့ ပုံစံ အရ လုပ်ဆောင် ရာမှာ အသားကျ နေပြီဖြစ်တဲ့ ဂျပန်နဲ့ အီးယူ နိုင်ငံတွေ မှာ ကျင့်သုံးတဲ့ ပုံစံကို ဦးတည် သွားနေ တာဟာ မြန်မာ နိုင်ငံ အတွက်တော့ ကြီးမားတဲ့ ရှေ့ ခြေလှမ်းပဲ ဖြစ်တယ်လို့ လည်း ဦးအောင်ကြည်က ပြောပါတယ်။

ကမ္ဘာပေါ်မှာ လုံးဝ လွတ်လပ်တဲ့ သတင်း မီဒီယာ အဆင့်ကို ရောက်တဲ့ နိုင်ငံတွေ သိပ် မရှိ သေးဘူးလို့ မြန်မာ နိုင်ငံမှာ ဒုတိယ အကြိမ် တရားဝင် ကျင်းပတဲ့ ကမ္ဘာ့ သတင်း လွတ်လပ်ခွင့်နေ့ အခမ်း အနားမှာ သူက ပြောခဲ့ ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း ကပဲ အမေရိကန် အခြေစိုက် Freedom House အဖွဲ့က မြန်မာ့ သတင်း မီဒီယာ လွတ်လပ်ခွင့်ဟာ တစ်ဆင့် တက် လာတယ်လို့ ပြောနိုင် ပေမဲ့ ပြုပြင် စရာတွေ တော့ ရှိနေ သေးတယ် လို့ ထောက်ပြခဲ့ ပါတယ်။

သတင်း လွတ်လပ်ခွင့် မရှိသေး တဲ့ အတွက် ပြည်တွင်း ပုံနှိပ် မီဒီယာ တွေမှာ ကိုယ့်ဟာကိုယ် ကန့်သတ် ဖော်ပြ ကြရ တာတွေ ရှိတယ် ဆိုတဲ့ ဝေဖန်မှု တွေနဲ့ ပတ်သက်လို့ ဘီဘီစီက မေးမြန်း ရာမှာ လွတ်လပ်မှုနဲ့ စည်းကမ်း ရှိမှု ဆိုတာ ဆန့်ကျင်ဘက် မဟုတ်ကြောင်း ဗိုလ်ချုပ် အောင်ဆန်း ပြောခဲ့တဲ့ မိန့်ခွန်းကို ကိုးကားပြီး ဦးအောင်ကြည်က ပြန်ပြောခဲ့ ပါတယ်။

မြန်မာ နိုင်ငံမှာ ကျင်းပတဲ့ ကမ္ဘာ့ သတင်း မီဒီယာ နေ့ အခမ်း အနားကို အစိုးရ၊ ကုလ သမဂ္ဂနဲ့ သတင်း မီဒီယာ သမားတွေ တက်ရောက် ခဲ့ကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ