ဘင်္ဂလားဒေ့ရှ် ဘက်က ဗုဒ္ဓဘာသာ၀င်တွေ မြန်မာဘက်ကို ပြောင်းရွှေ့

Image caption ရခိုင် နယ်စပ်က ဒုက္ခသည်တွေ

နယ်စပ် ဒေသတွေမှာ နေထိုင်တဲ့ ဘင်္ဂလားဒေ့ရှ် ဘက်က ဗုဒ္ဓဘာသာ၀င်တွေ မြန်မာဘက်ကို ပြောင်းရွှေ့ အခြေချ နေထိုင် လာရာမှာ အခုအခါ လူဦးရေအားဖြင့် ၈၀၀ ထိ တောင် ရှိလာပြီ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကနေ မြန်မာနိုင်ငံထဲကို ထွက်ပြေး လာတဲ့ သူ အရေအတွက်ဟာ တဖြည်းဖြည်း တိုးပွားလာ နေရာမှာ အခုအခါ မိသားစု ၁၇၃ စု၊ လူဦးရေအားဖြင့် ဆိုရင် ၈၀၀ ခန့်ရှိနေပါပြီ။

ဒီရက်ပိုင်းတွေ အတွင်းမှာလည်း အိမ်ထောင်စု ၁၂ စု လူဦးရေ ၄၅ ဦးခန့်ဟာ နယ်စပ်ကို ကျော်ဖြတ်ပြီး မောင်တောမြို့နယ်ထဲကို ၀င်ရောက်လာခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

သူတို့ ထွက်ပြေးလာရတာက ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနောက်ပိုင်းမှာ ဒေသအတွင်းက ဘင်္ဂလီ လူမျိုးတွေရဲ့ ဆက်ဆံရေးတွေလည်း ပြောင်းသွားခဲ့သလို ဈေးတွေကိုလည်း တစ်ဦးစ နှစ်ဦး သွားလာလို့ မရတော့တဲ့ အတွက်ကြောင့် အခုလို ထွက်ပြေးလာရတာလို့ ပြေးလာသူတွေထဲက မောင်တောမြို့ ဗဟို ဘုန်းကြီး ကျောင်းမှာ တည်းခိုနေသူ တစ်ဦးက ပြောပါတယ်။

နယ်စပ်တွေမှာလည်း ရခိုင်ပြည်နယ်ထဲက မူဆလင်တွေ အရမ်းများ လာတဲ့အတွက် လုံခြုံရေး အရ စိုးရိမ်လာရာ ကနေ ခုလို ထွက်ပြေးလာတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် က ထွက်ပြေး လာကြတဲ့သူတွေထဲမှာ ရခိုင်၊ မာရမာ၊ သက်စတဲ့ လူမျိုးတွေပါ၀င် ကြပါတယ်။

တကယ်တော့ သူတို့တွေဟာ ဘင်္ဂလားဒေ့ရှ်က စစ်တကောင်း တောင်တန်းနယ်မှာ လူနည်းစု ဗုဒ္ဓဘာသာ၀င်တွေ အဖြစ်နဲ့ နေထိုင်နေကြတာ နှစ်ပေါင်းရာချီ ရှိနေခဲ့ကြပြီ ဖြစ်ပါတယ်။

အခုထွက်ပြေးလာတဲ့သူ အများစုဟာ နယ်စပ်တွေမှာ နေထိုင်နေကြသူတွေ ဖြစ်ကြပြီး လုံခြုံရေး အရ လက်လှမ်းမမီတဲ့ နေရာဒေသတွေက ဖြစ်ကြပါတယ်။

ဘုန်းကြီးကျောင်းမှာ ယာယီ တည်းခိုနေသူတွေ အနေနဲ့ အခက်အခဲ ရှိတယ်လို့ ထွက်ပြေးလာကြတဲ့သူတွေရဲ့ အခက်အခဲတွေကို သူတို့ကို လက်ခံထားပေးတဲ့ မောင်တော ဗဟိုကျောင်း ဆရာတော် ဦးအာစရက ဘီဘီစီကို ပြောပြပါတယ်။

အရင်က ထွက်ပြေးလာတဲ့သူတွေကို လူ၀င်မူ ကြီးကြပ်ရေး ဌာက အရာရှိတွေ အပါအ၀င် ဌာနပေါင်းစုံက လာရောက် စစ်ဆေးပြီးနောက် အစိုးရက တည်ဆောက်ထားတဲ့ နတလ စံပြကျေးရွာတွေမှာ နေရာချထား ပေးထားတယ်လို့ ပြောပါတယ်။

အခု ထွက်ပြေးလာကြတဲ့သူတွေဟာ လုံခြုံရေးကို စိုးရိမ်တဲ့ အပြင် စီးပွားရေးအရလည်း အကျပ်အတည်းတွေ ရှိနေကြတဲ့ အတွက် ဘင်္ဂလားဒေ့ရှ်ကနေ မြန်မာဘက်ကို အခြေချဖို့ ထွက်ပြေး လာကြတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ