ကလောမှာ ရွှေတွင်း ပြိုကျလို့ လူ ၁၆ ဦး သေဆုံး

Image caption အခုလို လူ ၂၀ နီးပါး သေရတဲ့ အဖြစ် အပျက်ဟာ ပထမဆုံး အကြိမ် ဖြစ်တယ်လို့ ပြောပါတယ်

ရှမ်းပြည်နယ် တောင်ပိုင်း ကလော မြို့နယ်မှာ ရွှေတွင်း တခု ပြိုကျ ခဲ့တဲ့ အတွက် လုပ်သား ၁၆ ဦး သေဆုံး သွားပြီး အများ အပြား ပျောက်ဆုံး နေပါတယ်။

မေလ ၁ ရက်နေ့ သန်းခေါင်ကျော် အချိန်က ရှမ်းပြည် တောင်ပိုင်းမှာ လေကြီး မိုးကြီး ကျခဲ့ တာကြောင့် ကလောမြို့နဲ့ ၁၆ မိုင် လောက်ဝေးတဲ့ အာရှ ကမ္ဘာမြေရဲ့ လက်ခွဲ ကုမ္ပဏီ တခု ဖြစ်တဲ့ ဂိုးဒ်စတား ရွှေတူး ဖေါ်ရေး လုပ်ငန်းခွင်က ရွှေတွင်း ပြိုကျပြီး လုပ်သား ၁၆ ယောက် ရေထဲ မျောပါပြီး သေဆုံးခဲ့ ရတာ ဖြစ်ပါတယ်။

ဒီလို ဖြစ်ခဲ့တဲ့ နေရာကို သွားရောက်ပြီး အကူ အညီတွေ ပေးခဲ့တဲ့ ကလော အန်အယ်လ်ဒီ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဒေါ်သန်းငွေက အဲဒီဒေသ မှာ ရွှေတွင်း ပြိုတာတွေ ရှိခဲ့ ဖူးပေမယ့် အခုလို လူ ၂၀ နီးပါး သေရတဲ့ အဖြစ် အပျက်ဟာ ပထမဆုံး အကြိမ် ဖြစ်တယ်လို့ ပြောပါတယ်။

ရွှေတွင်း လုပ်သား အများစုဟာ ရမည်းသင်း အပါ အဝင် အနယ်နယ် အရပ်ရပ်က လာကြ သူတွေ ဖြစ်တယ်လို့ သိရ ပါတယ်။

သေဆုံးသူ အများစုဟာ ရေထဲ မျောပါပြီး ရွှေတွင်းထဲ ရောက်သွား ပြီးတော့ ရွှံ့ရေတွေ မွန်းပြီး သေဆုံးတာ များတယ်လို့ သိရပါတယ်။

သေဆုံးသူ တွေရဲ့ မိသားစု ဝင်တွေနဲ့ ဒဏ်ရာ ရသူတွေကို အန်အယ်လ်ဒီ ပါတီက ဆေးဖိုး ဝါးခ ကူညီ နေသလို သက်ဆိုင်ရာ မီးသတ်နဲ့ နယ်မြေခံ ရဲတွေ ကလည်း ကူညီပေး နေတယ်လို့ ပြောပါ တယ်။

ကုမ္ပဏီ ဘက်ကလည်း ပျောက်ဆုံး နေတဲ့ အလောင်းတွေကို လိုက်ရှာ ပေးနေ တယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ