မိတ္ထီလာ ပုဒ်မ ၁၄၄ အတည်ပြု ချက်ရယူဖို့ လွှတ်တော်ခေါ်

_meikhtila_riot
Image caption မိတ္ထီလာမှာ အဓိကရုဏ်း တွေကြောင့် ပုဒ်မ၁၄၄ ထုတ်ခဲ့ရ

မိတ္ထီလာ ခရိုင် အတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ လူမျိုးရေး ပဋိပက္ခ တွေကြောင့် ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး အရေးပေါ် အခြေအနေ ကြေညာ ထားတာကို လွှတ်တော်ရဲ့ အတည်ပြုချက် ရယူဖို့အတွက် အထူးအစည်း အဝေးတရပ်ကို မေလ ၂၀ ရက် နေ့မှာ ကျင်းပဖို့ ခေါ်ယူ လိုက်ပါတယ်။

ပြည်ထောင်စု လွှတ်တော်ရဲ့ ပထမ အထူး အစည်းအဝေး ခေါ်ရတဲ့ အကြောင်း ကတော့ မိတ္ထီလာ အပါအဝင် အဲဒီ ခရိုင် အတွင်း မှာရှိတဲ့ ဝမ်းတွင်း၊ မလှိုင်၊ သာစည် စတဲ့ မြို့နယ် တွေမှာ ဖြစ်ခဲ့တဲ့ လူမှု ပဋိပက္ခ တွေကို ထိန်းသိမ်း ရအောင် သမ္မတက ထုတ်ပြန် ထားတဲ့ ဥပဒေကဲ့သို့ အာဏာတည် စေရမည် ဆိုတဲ့ အမိန့် ကိုဖွဲ့စည်းပုံ ဥပဒေအရ လွှတ်တော်ရဲ့အတည် ပြုချက်ကို ရယူဖို့ဖြစ်ပါတယ်။

ဒါဟာ အရေးပေါ်ကြေညာ ချက်ကို သက်တမ်း တိုးဖို့ အတွက် ဆောင်ရွက်ရတဲ့ အဆင့်လား ဆိုတာနဲ့ ပတ်သက်လို့ သမ္မတရဲ့ ပြောခွင့်ရသူ ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်ကို မေးကြည့်တော့ အခြေခံ ဥပဒေမှာက ဥပဒေ ကဲ့သို့ အာဏာ တည်သော အမိန့်ကို ထုတ်ပြီးရင် ရက် ၆၀ အတွင်း မှာ ပြည်ထောင်စု လွှတ်တော်ရဲ့ အတည်ပြု ချက်ကို ရယူ ရမှာ ဖြစ်လို့ အဲဒါ အတွက် ခေါ်တာ ပဲ ဖြစ်ကြောင်း နဲ့ အရေးပေါ် ကြေညာချက်ကို သက်တမ်း တိုးမယ် မတိုးဘူး ဆိုတာ အတွက် မပါ သေးကြောင်း၊ လွှတ်တော် ဆွေးနွေးဖို့ အတွက်ပဲ ခေါ်တာ ဖြစ်ကြောင်း ပြောပါတယ်။

အတည်ပြုဖို့ အတွက် ဆွေးနွေး ဆုံးဖြတ် တာတွေ ကတော့ လွှတ်တော် နဲ့သာ သက်ဆိုင်တယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။

လွှတ်တော် အနေနဲ့ကလည်း ဒီကြေညာ ချက်ကို သဘောတူပြီး အတည်ပြု လိမ့်မယ်လို့ ယူဆ ရပါတယ်။

ပြည်သူ့ လွှတ်တော်ရဲ့ ဥပဒေ ရေးရာနဲ့ အထူး ကိစ္စရပ်များ လေ့လာ ဆန်းစစ်ရေး ကော်မရှင်မှာရော၊ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်းရေး ကော်မီတီမှာပါ အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ဖူးတဲ့ ပြည်ထောင်စုရာထူးဝန် ဦးမန်းမောင်မောင်ဉာဏ် က ပါတီတွေ အကုန်လုံးကို နေပြည်တော်ကို ခေါ်ထားကြောင်း၊ သမ္မတ အနေနဲ့ ဒီအကြောင်း နိုင်ငံရေး ပါတီတွေကို ရှင်းပြ လိမ့်မယ်လို့ ယူဆကြောင်းပြောပါတယ်။

အခုအခါ မိတ္ထီလာမှာ အခြေအနေတွေ တည်ငြိမ် လာပြီဖြစ်လို့ မူဆလင် ဒုက္ခသည် တချို့ကို နေအိမ်တွေဆီ ပြန်ပို့ခဲ့တာတွေ ရှိပါတယ်။

ဒါပေမယ့် အရေးပေါ်အခြေအနေ ကြေညာချက် ကတော့ ဆက်ရှိနေဆဲပါ။ ဒါနဲ့ ပတ်သက်လို့သမ္မတရဲ့ပြောခွင့်ရသူဦးရဲထွဋ်က အခု နေရပ် ပြန်ပို့တယ်ဆိုတာ မိမိနေအိမ် ရှိနေတဲ့ သူတွေကိုသာ ပြန်နေခွင့် ပြုတာဖြစ်ပြီး ကျန်တဲ့ အိမ်ဆောက်ဖို့ ကိစ္စတွေ ဆက်လုပ်ဖို့ ရှိနေသေးတယ်လို့ ပြောပါတယ်။

အရေးပေါ် ကြေညာချက်ကို ဘယ်တော့ ရုပ်သိမ်း နိုင်မလဲ ဆိုတာတော့ ခုချိန်မှာ မသိရသေးပါဘူး။

လောလောဆယ် တနိုင်ငံလုံး အတိုင်းအတာနဲ့ ဓမ္မာစရိယ စာမေးပွဲတွေ ကျင်းပ နေရာမှာ မိတ္ထီလာမြို့ မှာလည်း သံဃာတွေ စာဖြေ နေကြပါတယ်။

ဒါပေမယ့် လတ်တလော လူတွေကြားမှာ စိုးရိမ်မှုတွေ ရှိနေဆဲ ဖြစ်ပြီး လုံခြုံရေးတွေ ဆက်ပြီးချထား တာက လူအများအတွက် စိတ်သက်သာရာ ရစေ လိမ့်မယ် လို့ မြို့နယ် သံဃာ့ မဟာနာယက ဆရာတော်တပါးက ဘီဘီစီကို ပြောပြခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ