ဆန်စပါးအဖွဲ့ချုပ်ပိုင် ဆိပ်ကမ်းဆောက်

  • 5 မေ 2013
yangon port
Image caption မြန်မာ့ ဆန်တင် ပို့ မှုစံချိန်တင်ခဲ့

ရန်ကုန် မြို့ အနီး သီလဝါ ဆိပ်ကမ်း မှာ မြန်မာ နိုင်ငံ ဆန်စပါး အဖွဲ့ချုပ် က ဆန်တင်ပို့ တဲ့ ဆိပ်ကမ်း တခု ကိုယ်ပိုင် ဆောက်ဖို့ အစိုးရက ခွင့် ပြု လိုက်ပါပြီ။

ဒီဆိပ်ကမ်း ကို ဆန်စပါး လုပ် ငန်းရှင် တွေ အများ စု နဲ့ ဖွဲ့ စည်း ထား တဲ့ မြန်မာ့ လယ်ယာစီးပွား အများပိုင် ကော်ပိုရေးရှင်း က ဆောက် မှာ ဖြစ် ပြီး ဆောက်လုပ် ခွင့် တရား ဝင်ခွင့် ပြု ချက် ရ ပြီ ဖြစ်ပါတယ်။

ဆန်တန်ချိန် ၁ သန်းခွဲလောက် ပို့ရရင် ဆိပ်ကမ်း တခုထဲက မနိုင်မှာ စိုးလို့ ဒီ ဆိပ်ကမ်း တနှစ်အတွင်း ပြီးအောင် ဆောက်ရတယ်လို့ မြန်မာနိုင်ငံ ဆန်စပါး အဖွဲ့ချုပ် က တွဲ ဘက် အတွင်းရေးမှူး ကိုမျိုး သူရအေးက ရှင်းပြပါတယ်။

ပဲ မျိုးစုံတင် ပို့ သူတွေလဲ ဆိပ်ကမ်း ဆောက်ခွင့် ရထား ပြီး ဒေါ် လာ သန်းချီတဲ့ ပမာဏ မို့ ဆန်နဲ့ ပဲ ပူးပေါင်း ဆောက်လို့ ရတဲ့ အခြေအနေ ရှိပြီး လယ်ယာထွက် ကုန် တွေ တင်ပို့ တဲ့ ဆိပ်ကမ်း ဖြစ် လာ နိုင်တယ်လို့လဲ သူက ပြောပါတယ်။

နယ်စပ် ကုန်သွယ်ရေး အပါအဝင် မနှစ်က မြန်မာ့ ဆန်တင်ပို့မှု တန်ချိန် ၁ သန်း ခွဲ နီးပါး ရောက် ခဲ့ ပြီး ဒီ ပမာဏ ဟာ ဆယ်စုနှစ်တွေ အတွင်း စံချိန် ပြန်တင်လာ နိုင်တာ ဖြစ်ပါတယ်။

အရည်အသွေးကို အလေးထား တဲ့ ဂျပန် လို နိုင်ငံ က မြန်မာ ဆန်တွေကို ဝယ်နေပြီး ဥရောပသမဂ္ဂကို တင်ပို့ဖို့ အခွင့်အရေး တွေလဲ ရှိနေပါပြီ။

အခု ဆောက်လုပ်မယ့် ဆိပ်ကမ်း တွေမှာ အရည်သွေး ထိန်း တဲ့ ပြန်လည်သန့်စင် နိုင်တဲ့စက် တွေပါ ထည့်သွား မှာ ဖြစ်လို့ အာဖရိကကို အဓိက တင်ပို့ခဲ့ရတဲ့ မြန်မာ့ ဆန်ဈေးကွက်ဟာ အရည်သွေး ဘက်ကို ဦးတည်လာနေပြီး ဆိပ်ကမ်းသစ် ပြီးရင် အမြောက်အများ တင်ပို့ နိုင်မယ့် အခြေနေတွေ ရှိလာနေပြီ ဖြစ်ပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ