မိတ္ထီလာ ဘုန်းကြီးကို သတ်မှုနဲ့ မွတ်ဆလင် ၇ဦးကို စွဲချက်တင်

  • 6 မေ 2013
Image caption တရားခံ ၆ယောက် အနေနဲ့ သေဒဏ် (သို့) တသက်တကျွန်း ကျခံရဖွယ် ရှိတယ်လို့ ရှေ့နေ ဦးသိန်းသန်းဦးက ပြော

မိတ္ထီလာမြို့မှာ ဗုဒ္ဓဘာသာဝင် ဘုန်းကြီးတပါးကို သတ်ခဲ့မှုနဲ့ အစ္စလာမ် ဘာသာဝင် ၇ဦးကို ဒီကနေ့ စွဲချက် တင်လိုက်ပါတယ်။

အဲဒီ ဆရာတော် ဦးသောဘိတ အသတ်ခံခဲ့ရမှုဟာ ပြီးခဲ့တဲ့ မတ်လက မိတ္ထီလာမြို့မှာ ဗုဒ္ဓဘာသာဝင်တွေနဲ့ အစ္စလာမ် ဘာသာဝင်တွေ အကြား ဘာသာရေး အဓိကရုဏ်းရဲ့ အဓိက အကြောင်းရင်းတွေထဲမှာ တခု အပါအဝင် ဖြစ်ပါတယ်။

ဒီအမှုကို ရှေ့နေကွန်ယက်က ရှေ့နေ ဦးသိန်းသန်းဦး အပါအ၀င် ရှေ့နေ ၅ဦးက တရားခံတွေရဲ့ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးနေပါတယ်။

ဖမ်းထားတဲ့ ၇ယောက်ထဲက ၆ယောက်ကို စွဲချက်တင်လိုက်ပြီး ညီညီနိုင်ဆိုတဲ့ တယောက်ကိုတော့ အသက် ၁၆နှစ် မပြည့်သေးတာကြောင့် တရားစွဲတဲ့ အဖွဲ့က အမှုကို တရားရှင် ရုပ်သိမ်းလိုက်ပြီး ၁၉၉၃ခုနှစ် ကလေးသူငယ် ဆိုင်ရာ အက်ဥပဒေ အရ ကလေးသူငယ် တရားရုံးမှာ ဆက်ပြီး အမှု ရင်ဆိုင်ရမယ်လို့ ပြောပါတယ်။

အခု စွဲချက် တင်ခံရသူ ၆ဦးကတော့ အမှုမြောက်လို့ စီရင်ချက်ချခံ ရမယ်ဆိုရင် အမြင့်ဆုံး ပြစ်ဒဏ်အနေနဲ့ သေဒဏ် ဒါမှမဟုတ် တသက်တကျွန်း ကျခံ ရနိုင်ဖွယ် ရှိပြီး ကလေးသူငယ် အက်ဥပဒေအရ လျှော့ပေါ့ စဉ်းစားပေးတဲ့ ညီညီနိုင်ကတော့ အမြင့်ဆုံး ပြစ်ဒဏ် ၇နှစ်ထက် ပိုပြီး ကျနိုင်ဖွယ် မရှိဘူးလို့ ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လက ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာ အဓိကရုဏ်း အတွင်းမှာ လူ၄၀ ကျော် သေဆုံးခဲ့ရပြီး ဒီအဓိကရုဏ်းမှာ ပါ၀င်ပတ်သက်သူ ၇၀ ကျော်ကို သက်ဆိုင်ရာက ဖမ်းဆီး စစ်ဆေးနေပါတယ်။

အဓိကရုဏ်း စဖြစ်ပွားစေခဲ့တဲ့ နယူးဝိန့် စိန်ရွှေဆိုင်က ဆိုင်ပိုင်ရှင် ဇနီးမောင်နှံ နှစ်ယောက်နဲ့ ၀န်ထမ်းတယောက်ကို ဧပြီလ ဒုတိယအပတ်တုန်းက ထောင်ဒဏ် ၁၄နှစ်စီချမှတ်ခဲ့ပါတယ်။

အခု ဆရာတော် ဦးသောဘိတ အသတ်ခံခဲ့ရတဲ့ အမှုကိုတော့ လာမယ့် မေလ ၈ ရက်နေ့မှာ တရားခံတွေကို စစ်ဆေးမှာဖြစ်ပြီး မကြာခင်မှာ စီရင်ချက်ချနိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။

ဒီအမှုမှာ ရဲအလိုရှိတာ ၁၁ယောက် ဖြစ်ပေမယ့် ၄ယောက်က ထွက်ပြေး တိမ်းရှောင်နေတာကြောင့် ၇ယောက်ကိုပဲ ရုံးတင်စစ်ဆေးနေတာ ဖြစ်ပါတယ်။