သမ္မတ က ရခိုင်အစီရင်ခံစာပေါ် မိန့်ခွန်းပြော

Image caption မြန်မာ သမ္မတ ဦးသိန်းစိန် ရခိုင်အစီအရင်ခံစာ အကြောင်းပြောကြား

မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန် က ရခိုင် ပဋိပက္ခ စုံစမ်းရေး အစီရင်ခံစာ ပေါ် မိန့်ခွန်းပြောရာမှာ ရရှိတဲ့ သင်ခန်းစာ ကတော့ အရင်ကျင့်သုံးခဲ့တဲ့ မူဝါဒ တွေကြောင့် ယဉ်ကျေးတဲ့ မြန်မာ့ လူ့အဖွဲ့အစည်းမှာ လူ့အခွင့်အရေး ချိုးဖေါက်မှု တွေ ကြုံတွေ့ရတဲ့ အကြောင်း၊ ဒီပြဿနာ တွေ ဖြေရှင်းရာမှာ တဖက်နဲ့ တဖက် အပြစ်တင်တာတွေ ရပ်တံ့ပြီး လက်ရှိ အခြေအနေ ကို လက်တွေ့ကျတဲ့ နည်းလမ်းတွေ နဲ့ ဖြေရှင်းဖို့ ပြောပါတယ်။

အနာဂတ်မှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး အတွက် လူ့အဖွဲ့အစည်း တရပ် ပေါ်ပေါက်လာရေး ကို ရှေးရှုတဲ့ ဦးတည်ချက်များနဲ့ လုပ်ဆောင်ရန် အချိန် ကျပုံလည်း သမ္မတ ဦးသိန်းစိန် က ပြောပါတယ်။ ဒီအရေးကိစ္စ ကိုင်တွယ် ရာမှာ အစိုးရ အနေနဲ့ ရခိုင်ပြည်နယ် အတွင်းမှာ မူလ က ရောက်ရှိနေတဲ့ အစ္စလာမ် ဘာသာ ကိုးကွယ်သူတွေ ကို လူသားချင်း စာနာ ထောက်ထားတဲ့ အနေနဲ့ သူတို့ရဲ့ အခြေခံ ရပိုင်ခွင့် နဲ့ အခွင့်အရေး တွေ ဆောင်ရွက်ပေးရမှာ ဖြစ်သလို၊ ရခိုင်တိုင်းရင်းသားများ ရဲ့ ခံစားမှု နဲ့ လိုလားချက်တွေ ကိုလည်း လုံးဝ လျစ်လျူရှု မှာ မဟုတ်ကြောင်း သမ္မတ ဦးသိန်းစိန် က ပြောပါတယ်။

အထက်ပါ ရခိုင် အစီရင်ခံစာ ကို ဝေဖန်ဖူးတဲ့ ဥပဒေ အထောက်အကူပြု ကွန်ယက်မှ ဦးအောင်ထူး ကတော့ ယခင် စစ်အစိုးရ လက်ထက် က လိုပဲ၊ အခုလည်း ရခိုင်ပြည်နယ် က ပြစ်မှု ဆိုင်ရာ ကျူးလွန်မှု တွေ ကို အမှန်တရား ဖေါ်ထုတ်ခွင့် မပြုလို့ အစိုးရ ရဲ့ တာဝန်ရှိမှု ကိုပါ ဖုံးကွယ်ခဲ့ကြောင်း ဘီဘီစီ ကို ပြောပါတယ်။

ရခိုင် ပဋိပက္ခ တွေ အစအဆုံး မှာ နေပြည်တော် ဗဟို အစိုးရ ကနေ တိုက်ရိုက် ချုပ်ကိုင် အမိန့်ပေးတာကို ကော်မရှင် ရဲ့ အစီရင်ခံစာ မှာ ပေါ်လွင် နေကြောင်း၊ ဒါကြောင့်မို့ ဆုံးရှုံးမှု မှန်သမျှ မှာ အစိုးရ ပေါ် တာဝန်ရှိကြောင်း၊ အစိုးရ ရဲ့ မူဝါဒ အမှားတွေ ဟာ ကနေ့ အထိ ကျင့်သုံးနေကြောင်း ဥပဒေ အထောက်အကူပြု ကွန်ယက်မှ ဦးအောင်ထူး က ဘီဘီစီ ကို သုံးသပ်ပြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ