မူးယစ်ဆေး ပပျောက်ဖို့ သတ်မှတ်ကာလ ၅နှစ် ထပ်တိုး

  • 7 မေ 2013
Image caption တိုက်ပွဲ ဖြစ်နေတဲ့ နေရာတွေမှာ ဘိန်းစိုက်ပျိုးမှု တားဆီးရေး အခက်အခဲတွေ့

မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး ပပျောက် ကင်းစင်ရေးအတွက် မူလ သတ်မှတ်ထားတဲ့ ကာလ ထက် နောက်ထပ် ၅ နှစ် တိုးပြီး အချိန်ယူဆောင်ရွက်ရမယ်လို့ ဒုရဲချုပ် ရဲ မှူးချုပ် ဇော်ဝင်းက ပြော ဆိုလိုက်ပါတယ်။

ရန်ကုန်မြို့မှာ ကျင်းပနေတဲ့ မြန်မာ၊ တရုတ်၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ် စတဲ့ ၆နိုင်ငံ အစည်းအဝေးမှာ ဒုရဲချုပ် ရဲ မှူးချုပ် ဇော်ဝင်းက အခုလို ပြောကြားလိုက်တာပါ။

မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး ကင်းစင် ပပျောက်ရေး လှုပ်ရှားမှုကို ၁၉၉၉ ခုနှစ်ကနေ စတင် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်မှု၊ ထုတ်လုပ်မှုတွေဟာ နိုင်ငံတွင်း တည်ငြိမ်မှု မရှိတာတွေနဲ့ ဆက်စပ်နေပြီး နယ်စပ် ဒေသတွေမှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တိုက်ပွဲတွေ ဖြစ် နေတာတွေကလည်း မူးယစ်ဆေး ပပျောက်ရေး ကြိုးစားနေတဲ့ အဖွဲ့အစည်းတွေ အတွက် စိန်ခေါ်မှု အခက်အခဲတွေ ဖြစ်တယ်လို့ ဒုရဲချုပ် ရဲ မှူးချုပ် ဇော်ဝင်းက ပြောသွားပါတယ်။

မြန်မာနိုင်ငံ မှာ မူးယစ်ဆေး ထိန်းချုပ်ဖို့ အတွက် ငွေကြေး အခက်အခဲ ရှိ နေတယ်လို့ UNODC ကုလသမဂ္ဂ မူးယစ်ဆေး နဲ့ ရာဇဝတ်မှု တိုက် ဖျက်ရေး အဖွဲ့က ပြော ထား ပါတယ်။

လောလောဆယ်မှာတော့ ရန်ကုန်လို မြို့ကြီး မှာ လည်း စိတ်ကြွဆေးပြား ဖမ်းမိတယ်ဆိုတဲ့ သတင်း တွေ များ လာပါတယ်။

မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး ကင်းစင်ရေး သတ်မှတ် ကာလကို အခုလို ၅ နှစ် တိုးချဲ့မယ် လို့ ပြောလိုက်ပေမယ့် ဘယ်လို ဆက်ဆောင်ရွက် မယ် ဆိုတဲ့ မဟာဗျူဟာ ကိုတော့ မသိရသေး ပါဘူး။

လာမယ့် ကြာသပတေးနေ့မှာတော့ ဒီ ၆ နိုင်ငံက ဝန်ကြီးအဆင့်ဆွေးနွေးပွဲကို နေပြည်တော်မှာ ကျင်းပမှာဖြစ်ပြီး ဆွေးနွေးပွဲအပြီးမှာ နားလည်မှု စာချွန်လွှာ ရေး ထိုး မှာဖြစ် ပါတယ်။