ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေဖြစ်

  • 7 မေ 2013
Shan
Image caption ရှမ်းပြည် တပ်မတော်က တပ်သားများ

SSA တောင်ပိုင်းလို့ ခေါ်တဲ့ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA နဲ့ အစိုးရ စစ်တပ်တို့ ကြားမှာ အခု မေလ ဆန်းပိုင်းက တိုက်ပွဲ တချို့ ဖြစ်ခဲ့ပါတယ်။

အစိုးရနဲ့ RCSS/SSA ကြားမှာ အပစ်ရပ်ရေး သဘော တူညီချက်တွေ ရပြီးမှ အခုလို တိုက်ပွဲတွေ ဖြစ်လာ တာဟာ နှစ်ဘက် သဘော တူညီ ခဲ့ကြတဲ့ အတိုင်း အစိုးရ စစ်တပ် ဘက်က လိုက်နာခြင်း မရှိလို့ ဖြစ်ရတာ လို့ RCSS/SSA ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလောင်စိုင်းက ပြောပါတယ်။

သွားလာ လှုပ်ရှားမှု တွေကို နှစ်ဘက် ကြိုတင် ညှိနှိုင်းပြီးမှ လုပ်ကြဖို့ သဘောတူ ထားခဲ့ ပေမဲ့ မေလ ၁ ရက်နေ့က RCSS/ SSA တပ်တွေ ရှိရာ မိုးနဲ မြို့နယ် အတွင်းက တောထဲကို ကြိုတင် အကြောင်း မကြားဘဲ အစိုးရ စစ်ကြောင်း ဝင်လာတဲ့ အတွက် ရင်ဆိုင် တိုက်ပွဲတွေ ဖြစ်ခဲ့ တယ်လို့ RCSS/SSA ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလောင်စိုင်းက ပြောပါတယ်။

တခါ ရှမ်းပြည် မြောက်ပိုင်း မူဆယ် နမ့်ခမ်း ဘက်မှာ ပျောက်သွားတဲ့ စစ် ထောက်လှမ်းရေး လေးယောက်ကို ရှမ်းပြည် တပ်မတော် တောင်ပိုင်း ဘက်က ဖမ်းဆီး ထားတယ်လို့ စွပ်စွဲပြီး မေလ ၅ ရက်နေ့ က နမ့်ခမ်း မြို့နယ် အတွင်းက တုံခါး ကျေးရွာ တပ် စခန်းကို ဖယ်ရှား ခိုင်းခဲ့ ပြီးတဲ့နောက် စီးနင်း ရှာဖွေပြီး မီးရှို့ ဖျက်ဆီး ခဲ့တယ်လို့ လည်း ဗိုလ်မှူး စိုင်းလောင်စိုင်းက ဘီဘီစီကို ပြောပါတယ်။

ဒါကြောင့် ရှမ်းပြည်နယ် အတွင်းမှာ စစ်ရေး တင်းမာမှုတွေ ရှိနေတယ်လို့ လည်း သူက ဆိုပါတယ်။

အပစ်ရပ် သဘော တူညီမှု ရခဲ့ပြီး တဲ့ တစ်နှစ်ကြာ ကာလ အတွင်း နှစ်ဘက် တိုက်ပွဲပေါင်း အကြိမ် ၅၀ လောက် ဖြစ်ခဲ့တယ်လို့ ဗိုလ်မှူး စိုင်းလောင်စိုင်းက ပြောပါတယ်။

လက်ရှိ အနေ အထား အရ ငြိမ်းချမ်းရေး ပန်းတိုင်ကို ရောက်ဖို့ရာ အခက် အခဲတွေ ရှိနေတယ်လို့ RCSS/ SSA ပြောခွင့်ရ ပုဂ္ဂိုလ်က ပြော ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ