မြန်မာ အဖွဲ့ ဗြိတိသျှ ပညာရေး လေ့လာ

  • 8 မေ 2013
myo myint
Image caption ဘီဘီစီကို ရောက်လာတဲ့ ပညာရေး ဒုဝန်ကြီး ဒေါက်တာမျိုးမြင့်

မြန်မာ့ အဆင့်မြင့် ပညာရေး တိုးတက် ကောင်းမွန် လာဖို့ ဗြိတိသျှ ကောင်စီ အစီအစဉ် နဲ့ ဒုတိယ ပညာရေး ဝန်ကြီး ဒေါက်တာမျိုးမြင့် ရဲ့ ကျန်းမာရေးနဲ့ နည်းပညာ ပညာရှင်တွေ ပါဝင်တဲ့ ကိုယ်စားလှယ် အဖွဲ့ ဗြိတိန်မှာ လာရောက် လေ့လာ နေပါတယ်။

ပြောင်းလဲ လာတဲ့ မြန်မာ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး စနစ်တွေနဲ့ လိုက်လျော ညီထွေ ဖြစ်အောင် အဆင့်မြင့် ပညာရေး ပြင်ဆင်ဖို့ နိုင်ငံတကာနဲ့ ပူးပေါင်း ဆောင်ရွက်နေရာမှာ ဒေါက်တာ မျိုးမြင့် တို့အဖွဲ့ ဗြိတိန်ကို အခုလို လာရောက် ခဲ့တာပါ။

လန်ဒန်နဲ့ အီဒင်ဘာရာ မြို့တွေကို သွားရောက် လေ့လာ ခဲ့ရာမှာ တက္ကသိုလ်တွေ တင်မက အဆင့်မြင့် ပညာရေး စနစ် အောင်အောင် မြင်မြင် လှုပ်ရှား လည်ပတ်နေတဲ့ တက္ကသိုလ် ကိုယ်စားလှယ် အဖွဲ့အစည်းတွေ ကျောင်းသား ကိုယ်စားလှယ် အဖွဲ့အစည်းတွေ အပါအဝင် အဖွဲ့အစည်း အတော်များများနဲ့ တွေ့ဆုံခဲ့ပါတယ်။

ခရီးစဉ် လေ့လာ တွေ့ရှိချက် တွေနဲ့ နှိုင်းယှဉ်ပြီး မြန်မာနိုင်ငံ အဆင့်မြင့် ပညာရေး တိုးတက်ဖို့ အတွက် ပါမောက္ခ ချုပ်များရဲ့ စီမံခန့်ခွဲမှု အရည်အသွေး၊ ဆရာ ဆရာမနဲ့ ကျောင်းသားများရဲ့ အင်္ဂလိပ်စာ အရည်အသွေး တွေ မြှင့်တင်ဖို့၊ သင်ရိုးညွှန်းတမ်း ခေတ်မီဖို့ ပြုပြင် ဆောင်ရွက် သွားမယ်လို့ ပညာရေး ဒုတိယ ဝန်ကြီး ဒေါက်တာ မျိုးမြင့်က ပြောပြပါတယ်။

ပါမောက္ခ အဆင့်ထိ အင်္ဂလိပ်စာ အရည်အချင်း မြှင့်တင်ဖို့ ဗြိတိန်နဲ့ ပူးပေါင်း ဆောင်ရွက်သွား လိုတယ်လို့ ဒေါက်တာ မျိုးမြင့်က ဆိုပါတယ်။ ဒေါက်တာ မျိုးမြင့် ကိုယ်တိုင် ဗြိတိန်မှာ အင်္ဂလိပ်စာ ပါရဂူဘွဲ့ ဆည်းပူး ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အဆင့်မြင့် ပညာရေး စနစ် ပြုပြင် ပြောင်းလဲရေးနဲ့ ပတ်သက်လို့ အစိုးရက တကယ်ပဲ အလေးထား ဆောင်ရွက် နေသလို နိုင်ငံတကာ အဖွဲ့တွေ ကလည်း အကြံပေး အဖွဲ့တွေ စေလွှတ်ပြီး အကူအညီပေး နေတာ တွေ့ရပါတယ်။

တချိန်တည်း မှာပဲ အဆင့်မြင့် ပညာရေး ဥပဒေ ပြင်ဆင်ရေး ကော်မီတီနဲ့ ရန်ကုန် တက္ကသိုလ် ပြင်ဆင်မွမ်းမံရေး ကော်မီတီ တို့ကလည်း ဒီကိစ္စအပေါ် အာရုံထား ဆောင်ရွက်နေပါတယ်။ တခါ NLD လို နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေ ကလည်း မြန်မာ့ ပညာရေး စနစ်အပေါ် လေ့လာ သုံးသပ်မှုတွေ လုပ်နေတာ ရှိပါတယ်။

တကယ်တမ်း စိန်ခေါ်မှုက ဒီလေ့လာ သုံးသပ်မှု တွေကနေ မြန်မာ့ အဆင့်မြင့် ပညာရေး အတွက် တူညီတဲ့ နည်းလမ်းနဲ့ ဖြေရှင်းနိုင်ရေး ဖြစ်တယ်လို့ ဗြိတိသျှ ကောင်စီ ညွှန်ကြားရေးမှူး ယဉ်ကျေးမှု သံမှူး မစ္စတာ Kevin Mckenzies က ပြောသွားပါတယ်။

ဒီလေ့လာရေး အဖွဲ့ဟာ သောကြာနေ့မှာ " အဆင့်မြင့် ပညာရေးစနစ်မှသည် အနာဂတ်သစ် မြန်မာနိုင်ငံ" ဆိုတဲ့ ခေါင်းစဉ်နဲ့ မူဝါဒ ရေးရာ ဆွေးနွေးပွဲကို လန်ဒန် တက္ကသိုလ် Senate House မှာ ကျင်းပပြီး အဆင့်မြင့် ပညာရေးစနစ်အကြောင်း ဆွေးနွေး ဖလှယ် ကြဖို့ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ