ဝန်ကြီး ဌာန တချို့က အရာရှိကြီးတွေ ဖယ်ရှား ခံရ

Burmese President U Thein Sein
Image caption သန့်ရှင်း ကောင်းမွန်တဲ့ အုပ်ချုပ်ရေး ဖြစ်ဖို့ လိုတယ်လို့ သမ္မတ ဦးသိန်းစိန် ပြောခဲ့

သမ္မတ ဦးသိန်းစိန်က သူ့ရဲ့ ပြုပြင် ပြောင်းလဲရေး မူဝါဒ တွေကို မလိုက်နာ နိုင်တဲ့ သူတွေကို ချန်ထား ခဲ့မယ်လို့ ပြောခဲ့ ပြီးတဲ့နောက် အခု နောက်ဆုံး ထွက်လာတဲ့ နိုင်ငံတော် ပြန်တမ်းမှာ အဆင့်မြင့် အရာရှိကြီး တစ်ယောက်ကို ရာထူးက ထုတ်ပစ် လိုက်ပြီး၊ နောက်ထပ် အရာရှိကြီး အတော် များများ ကိုလည်း အငြိမ်းစား ပေးလိုက်တာ တွေ့ရ ပါတယ်။

ပညာရေး ဝန်ကြီး ဌာန အမှတ် ၁ အခြေခံ ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ကို ရာထူးက ထုတ်ပယ်ပြီး စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာန၊ ဘဏ္ဍာ အခွန် ဝန်ကြီး ဌာန၊ အမျိုးသား စီမံကိန်းနဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီး ဌာန၊ စက်မှု ဝန်ကြီး ဌာန နဲ့ လျှပ်စစ် စွမ်းအား ဝန်ကြီး ဌာန တို့က ညွှန်ကြားရေးမှူး ချုပ်၊ ဦးဆောင် ညွှန်ကြားရေးမှူး ၇ ယောက်ကို မတ်လနဲ့ ဧပြီ လတွေ အတွင်း အငြိမ်းစား ပေးလိုက်ကြောင်း အစိုးရ ပြန်တမ်းမှာ တွေ့ရ ပါတယ်။

ရန်ကုန် ကွန်ပျူတာ တက္ကသိုလ် ပါမောက္ခချုပ် ကိုလည်း အငြိမ်းစား ပေးတဲ့ စာရင်းမှာ တွေ့ရ ပါတယ်။

ဘာကြောင့် သူတို့ကို အခုလို ရာထူးက ဖယ်ရှား လိုက်တာလဲ ဆိုတာကိုတော့ အစိုးရ ဘက်က အတိ အလင်း ထုတ်ဖော် ပြောဆိုတာ မရှိသေး ပါဘူး။

ဒါပေမဲ့ မြန်မာ့ ဆက်သွယ် ရေးလုပ်ငန်းရဲ့ ဦးဆောင် ညွှန်ကြားရေးမှူး အဖြစ် ကနေ ပညာရေး ဌာနကို မကြာခင် ကမှ ပြောင်းသွား ခဲ့တဲ့ ဦးဣဒ္ဓိလှကို ရာထူးက ထုတ်ပယ် လိုက်တာ ကတော့ ဆက်သွယ်ရေး ဝန်ကြီးဟောင်း ဦးသိန်းထွန်း ကို ဖယ်ရှား ပြီးတဲ့နောက် အဆင့်မြင့် ဆက်သွယ်ရေး အရာရှိ တွေကို အဂတိ လိုက်စားမှု စွပ်စွဲချက် တွေနဲ့ ခေါ်ယူ စစ်ဆေး ခဲ့တဲ့ ကိစ္စနဲ့ ဆက်စပ် နိုင်တယ်လို့ ယူဆရ ပါတယ်။

ကျန်တဲ့ ဝန်ကြီး ဌာန တွေက အရာရှိ တွေနဲ့ ပတ်သက်လို့ တိတိ ကျကျ မပြောနိုင် ပေမဲ့ ရာထူးက နုတ်ထွက်ခွင့် ပြုတာလို့ မသုံးဘဲ အငြိမ်းစား ပေးလိုက်တယ်လို့ ပြန်တမ်းမှာ ဖော်ပြ ထားတာကြောင့် အကြောင်း တစုံတရာ ရှိလို့ အရေးယူ ခံရ တာ ဖြစ်နိုင်တယ်လို့ ယူဆ နေကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ