တက္ကသိုလ်ပညာရေး အဆင့်မြင့်အောင် ယူကေ ကူညီဖို့ ဒေါ်စုပြော

  • 9 မေ 2013

မြန်မာနိုင်ငံမှာ စစ်အစိုးရ ဖျက်ဆီးသွားတဲ့ မြန်မာနိုင်ငံက တက္ကသိုလ် ပညာရေးစနစ်တွေကို ပြန်လည်ထူထောင်ရာမှာ ယူကေနိုင်ငံက ကူညီဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားလိုက်ပါတယ်။

ဒီကနေ့ လန်ဒန်မြို့က လန်ဒန် တက္ကသိုလ် Senate House မှာ ကျင်းပတဲ့ တက္ကသိုလ် အကြီးအကဲများရဲ့ "အဆင့်မြင့် ပညာရေးစနစ်မှသည် အနာဂတ်သစ် မြန်မာနိုင်ငံ" ဆိုတဲ့ ခေါင်းစဉ်နဲ့ မူဝါဒ ရေးရာ ဆွေးနွေးပွဲကို ပေးပို့ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗီဒီယို မိန့်ခွန်းထဲမှာ အဲဒီလို ပြောကြားထားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ တက္ကသိုလ်ပညာရေးစနစ်ဟာ ရာစုနှစ်တဝက်လောက် စစ်တပ် အုပ်ချုပ်ခဲ့မှုကြောင့် ပျက်စီးခဲ့ရပြီး အခုအခါ မြန်မာနိုင်ငံက တက္ကသိုလ်ပညာရေးအဆင့်အတန်းဟာ ဘွဲ့ရတွေအနေနဲ့ ဘွဲ့ယူတဲ့ ဓါတ်ပုံကလွဲပြီး တခြား ပြစရာမရှိလောက်အောင်အထိ ကျဆင်းနေတယ်လို့ ပြောခဲ့ပါတယ်။

စစ်အစိုးရအလေးထားတာက စည်းကမ်းသေဝတ်ဖို့ဖြစ်ပြီး ပညာရေးကို အလေးမထားခဲ့ဘူးလို့ ပြောကြားခဲ့ပြီး တက္ကသိုလ်ပညာရေး စနစ်ကို နိုင်ငံတကာ အဆင့် မှီအောင် ပြန်လုပ်ဖို့ လိုတယ်လို့ ပြောပါတယ်။

လောလောဆယ်မှာတော့ မြန်မာ့ အဆင့်မြင့် ပညာရေး တိုးတက် ကောင်းမွန် လာဖို့ ဗြိတိသျှ ကောင်စီ အစီအစဉ် နဲ့ ဒုတိယ ပညာရေး ဝန်ကြီး ဒေါက်တာမျိုးမြင့် ရဲ့ ကျန်းမာရေးနဲ့ နည်းပညာ ပညာရှင်တွေ ပါဝင်တဲ့ ကိုယ်စားလှယ် အဖွဲ့ တဖွဲ့ ဗြိတိန်မှာ လာရောက် လေ့လာ နေပါတယ်။

ဒီလေ့လာရေး အဖွဲ့ဟာ ဒီကနေ့ ကျင်းပနေတဲ့ လန်ဒန် တက္ကသိုလ် Senate House က ဆွေးနွေးပွဲမှာ အဆင့်မြင့် ပညာရေးစနစ်အကြောင်း ဆွေးနွေးခဲ့ကြပါတယ်။