အကျဉ်းသား စိစစ်ရေး ကော်မီတီ တိုးချဲ့ဖွဲ့စည်း

Insein Prison
Image caption ထောင်တွေ ထဲမှာ နိုင်ငံရေး အကျဉ်းသား တွေကျန် နေသေးတယ်လို့ သူတို့ အရေး လှုပ်ရှားသူတွေ ပြောနေ

အကျဉ်းထောင်တွေထဲမှာ ကျန်နေ သေးတဲ့ နိုင်ငံရေး အကျဉ်းသား တွေကို ပြန်လွှတ် ပေးနိုင်ဖို့ အတွက် အစိုးရက ဖွဲ့စည်းပေး ထားတဲ့ လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မီတီကို အဖွဲ့ဝင် သုံးယောက် ထပ်ပေါင်းပြီး စုစုပေါင်း ၁၉ ယောက် အဖွဲ့ အဖြစ် တိုးချဲ့ ဖွဲ့စည်းလိုက် ပါတယ်။

နောက်ထပ် တိုးလာသူ သုံးယောက် စလုံးက လက်ရှိ နိုင်ငံရေး ပါတီ ခေါင်းဆောင်တွေ ဖြစ်ကြပြီး နိုင်ငံရေး အကျဉ်းသားဟောင်း တွေလည်း ဖြစ် ပါတယ်။

အဲဒီ သုံးယောက် ထဲမှာ သင်္ဃန်းကျွန်း မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်နဲ့ အမျိုးသား ဒီမို ကရေစီ အင်အားစု ပါတီက ဒေါက်တာ ဝင်းနိုင်တို့ ပါဝင် ပါတယ်။

သူတို့ အနေနဲ့ အဲဒီ လူတွေကို ဆက်လက် ဖမ်းဆီး မထားသင့်ဘူး ဆိုတာ အစိုးရက ယုံကြည် လက်ခံ လာအောင် တိုက်တွန်း ပြောဆို နိုင်တယ်လို့ ကော်မီတီဝင် အသစ် နောက်တစ်ယောက် ဖြစ်တဲ့ မြန်မာ အမျိုး သား ကွန်ဂရက် ပါတီ ဥက္ကဌ ဦးကောင်းမြင့်ထွဋ်က ပြောပါတယ်။

နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်း ကျခံ နေရသူ တွေရဲ့ အချက် အလက် တွေကို ရှာဖွေ ရယူပြီးတဲ့ အခါ နိုင်ငံတော် သမ္မတ ဆီကို တင်ပြ ပေးသွားနိုင်တယ် လို့လည်း သူက ပြောပါတယ်။

ဒါပေမဲ့ ဆက်လက် ဖမ်းဆီး ထားတဲ့ အကျဉ်းသား တချို့ အကြောင်းနဲ့ ပတ်သက်လို့ အစိုးရ ပိုင်းက ပွင့်ပွင့် လင်းလင်း ထုတ်ဖော် မပြောတဲ့ အပိုင်းတွေ ရှိနေပြီး၊ အစိုးရ ဘက်က အစည်းအဝေး ခေါ်မှ ကော်မီတီ ဝင်တွေက သွားတက် ကြရတာလို့ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားသူ တစ်ယောက်က ပြောပါတယ်။

ထောင်တွင်းက လက်ကျန် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေး နိုင်အောင် နည်းလမ်း ရှာဖို့ ဆိုပြီး ဖေဖော်ဝါရီ လဆန်း တုန်းက နိုင်ငံရေး အကျဉ်းသား ဟောင်းတွေ၊ အကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားသူ တွေနဲ့ သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်း ဦးဆောင်တဲ့ အစိုးရ တာဝန် ရှိသူတွေ တွေ့ဆုံ ခဲ့ကြ ပြီးတဲ့နောက် လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မီတီ ဆိုပြီး ၁၆ ယောက် အဖွဲ့ကို စတင် ဖွဲ့စည်း ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ