ပိုက်လိုင်း စီမံကိန်း တရုတ် ကုမ္ပဏီ ရှင်းလင်း

Gas Pipe in Northern Burma
Image caption မြန်မာ နိုင်ငံ မြောက်ပိုင်း တစ်နေရာကို ဖြတ်သန်း ဖောက်နေတဲ့ ဓါတ်ငွေ့ ပိုက်လိုင်း တစ်ခု

မြန်မာ နိုင်ငံ ရခိုင် ပြည်နယ် ကနေ တရုတ် နိုင်ငံ ယူနန် ပြည်နယ်ကို ဆက်သွယ် ဖောက်လုပ် ထားတဲ့ ရေနံ ပိုက်လိုင်းနဲ့ သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်း တွေ တည်ဆောက် နေတာနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေဟာ မှန်ကန်မှု မရှိဘူးလို့ အဲဒီ ပိုက်လိုင်း တည်ဆောက် နေတဲ့ ကုမ္ပဏီ တွေက သောကြာ နေ့က ပြောခဲ့ပါတယ်။

မြန်မာ နိုင်ငံ ကနေ တရုတ် နိုင်ငံဆီ ဆက်သွယ် ပို့ဆောင်မယ့် ရေနံနဲ့ သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်း တွေနဲ့ ပတ်သက်ပြီး သိရှိ နားလည်မှု နည်းပါတာ၊ သတင်း မီဒီယာ တွေရဲ့ တင်ပြချက်တွေ မှန်မမှန် ဆုံးဖြတ်ဖို့ အခက် အခဲ ရှိတာ တွေကြောင့် ပိုပြီး ပွင့်လင်း မြင်သာမှု ရှိဖို့ လိုနေတယ်လို့ တရုတ် အစိုးရပိုင် CNPC ကုမ္ပဏီ ခွဲတွေ ဖြစ်တဲ့ ရေနံ ပိုက်လိုင်း တည်ဆောက် နေတဲ့ SEAOP ကုမ္ပဏီနဲ့ သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်း တည်ဆောက် နေတဲ့ SEAGP ကုမ္ပဏီ တို့ရဲ့ ထုတ်ပြန် ချက်မှာ ဖော်ပြပါတယ်။

ဒါပေမဲ့ ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်မှာ မေလ ၁၀ ရက်က ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲ ကိုတော့ ပြည်တွင်းက သတင်း မီဒီယာ တွေကိုသာ ဖိတ်တာပါ။

စီမံကိန်းနဲ့ ပတ်သက်ပြီး မြေယာ သိမ်းယူတဲ့ ကိစ္စတွေ အတွက် မြန်မာ နိုင်ငံရဲ့ ဥပဒေအရ လျော်ကြေး အားလုံး ပေးပြီးပြီ ဆိုတာကို သူတို့ အဓိက ရှင်းလင်း ခဲ့တယ်လို့ သတင်းစာ ရှင်းလင်းပွဲ တက်ခဲ့သူ Venus သတင်း ဂျာနယ် အမှုဆောင် အယ်ဒီတာ ကိုမနောထွန်းက ဘီဘီစီကို ပြောပါတယ်။

မကွေးတိုင်းက မြို့ တစ်မြို့မှာ သူတို့ မြေယာ လျော်ကြေး ပေးတာကို လင်မခံတဲ့ ရွာ တစ်ရွာက လွဲရင် ကျန်တဲ့ လယ်ယာတွေ အတွက် လျော်ကြေးငွေတွေ အားလုံး ပေးခဲ့ပြီး ဖြစ်တယ်လို့ ရှင်းလင်း ပြောခဲ့ ပေမဲ့ အဲဒီ ရှင်းလင်း ချက်ဟာ တကယ်တမ်း မြေယာ ဆုံးရှုံး သွားသူ တွေရဲ့ ပြောဆိုချက်နဲ့ ကွာဟ နေတယ် လို့လည်း ကိုမနောထွန်းက ပြော ပါတယ်။

တရုတ်ကုမ္ပဏီက ကျောက်ဖြူ ဒေသမှာ လျှပ်စစ်မီး ရရှိရေး အတွက် အမေရိကန် ဒေါ်လာ ၁၀ သန်း ထောက်ပံ့တာ အပါ အဝင် ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုရေး လုပ်ငန်းတွေ အတွက် စုစုပေါင်း အမေရိကန် ဒေါ်လာ ၁၄ သန်း အကုန် အကျ ခံထား တယ်လို့ ဆိုပါတယ်။

အခု အပြိုင် တည်ဆောက် နေတဲ့ ရေနံနဲ့ သဘာဝ ဓါတ် ငွေ့ပိုက်လိုင်း နှစ်ခုဟာ ကီလို မီတာ ၈၀၀ နီးပါး ရှည်ပြီး တန်ဖိုး အားဖြင့် စုစုပေါင်း ဒေါ်လာသန်း ၂၅၀၀ ဖြစ်ပါတယ်။

မူလက ရည်ရွယ် ထားတဲ့ အတိုင်း ဆိုရင် ၂၀၁၃ ခုနှစ်လယ်၊ ဇွန်လကုန်မှာ အပြီး တည်ဆောက်ဖို့ ဖြစ်ပေမဲ့ တရုတ် ဘက်အပိုင်းက အချိန်မီ တည်ဆောက်လို့ မပြီး နိုင်ဘဲ ဖြစ်နေတယ်လို့ မြန်မာ့ ရေနံ လုပ်ငန်း နဲ့ နီးစပ်သူ တစ်ယောက်က ပြောပါတယ်။

ဓါတ်ငွေ့ ပိုက်လိုင်း တည်ဆောက် ပြီးတဲ့ အခါ ဒေဝူး ကုမ္ပဏီက တရုတ် နိုင်ငံကို ဓါတ်ငွေ့ ကုဗပေ သန်း ၅၀၀ ပေးဖို့ ရှိနေပြီး စာချုပ် အရ မြန်မာ နိုင်ငံက အဲဒီ ထဲက ကုဗပေ သန်း ၁၀၀ ကို ရဖို့ ရှိနေ ပါတယ်။

ဒါပေမဲ့ ပိုက်လိုင်း အချိန်မီ မပြီးရင်တော့ ဒေဝူး ကုမ္ပဏီ၊ မြန်မာ အစိုးရနဲ့ တရုတ် ကုမ္ပဏီတွေ အကြား ဖြေရှင်း ရမယ့် ပြဿနာ တစ်ခု ဖြစ်လာ နိုင်တယ်လို့ စောစောက ပုဂ္ဂိုလ်ကပဲ ပြောပါတယ်။

ဒါတွေကိုတော့ သောကြာနေ့က တရုတ် ကုမ္ပဏီ တွေရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထည့်ပြော မသွားခဲ့ဘူးလို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ