စက်မှု ဇုန်တွေ မီးဖြတ်လို့ အလုပ်ရှင်ရော အလုပ်သမား တွေပါ အခက်ကြုံ

  • 10 မေ 2013
Burma Electricity Protests
Image caption မီးမလာလို့ ဖယောင်းတိုင် ထွန်းပြီး ဆန္ဒ ပြမှုတွေ မနှစ်က ဖြစ်ခဲ့

မြန်မာ တစ်နိုင်ငံ လုံးက စက်မှုဇုန် တွေကို လျှပ်စစ်မီး ဖြတ်တောက် လိုက်တဲ့ အတွက် အလုပ် သမားတွေ ကိုပါ ရိုက်ခတ် မှုတွေ ဖြစ်နေ ပြီလို့ စက်မှုဇုန် အသင်း တာဝန်ရှိသူ တွေက ပြောပါတယ်။

တစ်နိုင်ငံ လုံးက စက်မှုဇုန် တွေမှာ လျှပ်စစ်မီး ယာယီ ဖြတ်တောက်ထားတာ ဖြစ်ပြီး မေလကုန် အထိ ဖြတ်တောက် ထား ဖွယ် ရှိတယ်လို့ ရန်ကုန်တိုင်း လျှပ်စစ် ဖြန့်ဖြူးရေး အဖွဲ့ ဥက္ကဌ ဦးအောင်ခိုင် က ပြောပါတယ်။

ရေကာတာ တွေမှာ ရေမရှိတဲ့ အတွက် ရေအား လျှပ်စစ် ထုတ်လုပ် အား လျော့နည်း သွားတာ ဖြစ်ပါတယ်။

စက်မှုဇုန် တွေမှာ ပြီးခဲ့တဲ့ မတ်လက စပြီး လျှပ်စစ်မီး ပြတ်လိုက် လာလိုက် ဖြစ်နေလို့ အလုပ်ရှင်ရော အလုပ်သမား တွေပါ ထိခိုက်မှု ဖြစ်ရ တယ်လို့ လှိုင်သာယာ စက်မှုဇုန် ဥက္ကဌ ဦးမြတ်သင်းအောင်က ထောက်ပြ ပါတယ်။

မီးမရလို့ ဒီဇယ်နဲ့ လုပ်ငန်း လည်ပတ်ရင် တစ်ယူနစ်ကို ကျပ်ငွေ ၄၀၀ နီးပါး ကုန်ကျတဲ့ အတွက် ကုန်ကျ စရိတ် လေးဆကျော် သွားတယ်လို့ သူက ပြောပါတယ်။

ဒါကြောင့် စက်ရုံ လုပ်ငန်းရှင် တွေက အချိန်ပိုတွေ မခိုင်း ကြတော့တဲ့ အတွက် အလုပ်သမား တွေလည်း အချိန်ပို ငွေကြေး မရလို့ ဝင်ငွေ ထိခိုက် တယ်လို့ ဦးမြတ်သင်းအောင်က ပြောပါတယ်။

စက်မှု ဇုန်တွေ အတွင်းက လုပ်ငန်း တွေမှာ ၂၄ နာရီလုံး လျှပ်စစ် ဓါတ်အား သုံးဖို့ လိုတဲ့ ငါးအအေးခန်း လုပ်ငန်းရှင် တွေက ပိုပြီး အခက် အခဲ ကြုံရ တယ်လို့ ရွှေပြည်သာ စက်မှုဇုန် အမှတ် ၂-၃-၄ ရဲ့ ဥက္ကဌ ဦးကျော်လွင်က ပြောပါတယ်။

ရေအား လျှပ်စစ်ကို အားထား နေရတဲ့ မြန်မာ နိုင်ငံမှာ မိုးဖြိုင်ဖြိုင် ရွာပြီး ရေကန် တွေထဲ ရေပြည့် လာမှသာ လျှပ်စစ် ဓါတ်အား ပိုမို ထုတ်နိုင်မှာ ဖြစ်လို့ နောက်လလယ် ကျော်တော့ မှပဲ လျှပ်စစ်မီး ပုံမှန် ပြန်ရနိုင် လိမ့်မယ်လို့ လုပ်ငန်းရှင် တွေက ခန့်မှန်း ပြောဆို နေကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ