ထိုင်းရောက် မြန်မာ အလုပ်သမားတွေရဲ့ ကလေးတွေကို နိုင်ငံကူးလက်မှတ် ထုတ်ပေး

Image caption ထိုင်းမြန်မာ နယ်စပ်ဂိတ်

ထိုင်းနိုင်ငံမှာ ယာယီနိုင်ငံကူးလက်မှတ် ရထားတဲ့ မြန်မာအလုပ်သမားတွေရဲ့ သားသမီးတွေကို မှီခိုသူအဖြစ် နိုင်ငံကူးလက်မှတ်တွေ စတင်ထုတ်ပေးနေပြီဖြစ်ပါတယ်။

မဟာချိုင်းမှာတော့ တနင်္ဂနွေနေ့မှာ သီးသန့်လုပ်ပေးမှာဖြစ်တယ်။

အသက် ၁၈ နှစ်အောက်ကလေးငယ်တွေအတွက် နေထိုင်ခွင့်ဗွီဇာက မိဘဗွီဇာ သက်တမ်းနဲ့ အတူတူဖြစ်ပြီး ဗွီဇာကြေး ဘတ် ၅ဝဝ ဖြစ်ပါတယ်။

အခု မေလ ၉ ရက်နေ့မှာ လုပ်ပေးဖို့ စခန်းအားလုံးကို ပြောထားပြီး အခု မဟာချိုင်မှာ တနေ့ တနေ့ လာထုတ်တဲ့ ကလေးတွေ များလို့ ရက်ချိန်း ပေးလိုက်တယ်လို့ ဘန်ကောက်မြန်မာသံရုံးက အလုပ်သမားဝန်ကြီး ဌာနက ညွှန်ကြားရေးမှူး ဦးနိုင်ထွန်းကို ဘီဘီစီကို ပြောပါတယ်။

လာမယ့် မေလ ၁၂ ရက်နေ့မှာ ကလေး သီးသန့် လုပ်ပေးဖို့ ရက်ချိန်း ပေးလိုက်တယ်လို့ ဆိုပါတယ်။

၁၈ နှစ်အောက် ကလေး မှန်သမျှကို ထိုင်း အလုပ်သမား ဝန်ကြီး ဌာနက အတည်ပြု ပေးလိုက်ရင် ဖွင့်လှစ်ပေးထားတဲ့ စင်တာ ၁၁ ခုမှာ သွားလုပ်ရုံဘဲလို့ ပြောပါတယ်။

ကလေး သီးသန့် ထုတ်ပေးတဲ့ စာအုပ်က အပြာရောင် ဖြစ်ပြီး အောက်မှာ Dependant လို့ ရေးထားကြောင်း သူက ရှင်းပြပါတယ်။

ဒီနှစ် အတွင်းမှာ မှတ်ပုံတင်တဲ့ မိဘ နှစ်ပါးနဲ့ အတူ နာမယ် ပါတဲ့ ကလေးတွေကို လုပ်တာ ဖြစ်တယ်လို့လည်း သူက ထပ်လောင်း ပြောသွားခဲ့ပါတယ်။

အရင်က မှတ်ပုံတင် ထားသူတွေကိုတော့ သံရုံးမှာ အရင်ဆုံး တင် ၊ သံရုံးက မြန်မာ မိဘ နှစ်ပါးက မွေးတာ ဟုတ်မဟုတ် အတည်ပြုပြီးမှ ထုတ်ပေးမှာ လို့ ဆိုပါတယ်။

ဥပမာ ထိုင်းဖက်မှာ မွေးတာဆိုရင် ထိုင်းမွေးစာရင်းကို အလုပ်သမား ဌာနက ထောက်ခံပြီးမှာ ထိုင်း အလုပ်သမား ဌာနမှာ ဆက်တင် အဲဒီက အတည်ပြုလိုက်ရင် ဖွင့်ထားတဲ့ စင်တာ ၁၁ ခုမှာ သွားလုပ်လို့ ရအောင် ချိတ် ထားတယ်လို့ ဦးနိုင်ထွန်းက ရှင်းပြခဲ့ပါတယ်။

တချို့ကျတော့ နယ်စပ်က မယ်တော် ဆေးခန်းမှာ မွေးတာ ဆိုရင် အဲဒီ မွေးစာရင်းကိုလည်း လက်ခံတယ် ၊ အဓိကက အဖေ အမေ အမှန် အကန် သားသမီး အမှန်အကန် ဖြစ်ဖို့ဘဲ လိုပါတယ် ၊ မြန်မာ နိုင်ငံသားတွေ အဆင်ပြေဖို့ ဆိုရင် ဘယ်လို အထောက်အထားဘဲ လိုလို အကူအညီ ပေးဖို့ အသင့်ဘဲလို့ သူက ဆိုပါတယ်။

တခါ သံရုံးက ထောက်ခံပြီး ထိုင်း POE မှာ တင် အဲဒီမှာ စာရင်းသွင်းဖို့ လိုတယ်လို့ သူက ပြောပါတယ်။

အကြောင်းကတော့ သူတို့မှာ စာရင်း အသစ်သာ ရှိပြီး အဟောင်းမရှိဘူး ၊ အဟောင်းက သူတို့မှာသာ ရှိတယ် ဆိုတော့ သူတို့ဖက်က အတည်ပြု လုပ်ပေးပါ ဆိုလို့ သူတို့ အနေနဲ့ အတည်ပြု ပေးရတာလို့ ဦးနိုင်ထွန်းက ဆိုပါတယ်။

တခါ အလုပ်လုပ်နေတဲ့ သားသမီးတွေကို လာရောက် မှီခို နေထိုင်နေတဲ့ မိဘတွေ အတွက် လောလောဆယ် အစည်းအဝေး ဆုံးဖြတ်ချက် မထွက်သေးပေမယ့် မြန်မာ အလုပ်သမား ဝန်ကြီးဌာနက ထောက်ခံစာ ထုတ်ပေးဖို့ အသင့်ရှိကြောင်း သူက ရှင်းပြခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ