ထိုင်းနိုင်ငံထဲ ခိုး၀င်ဖို့ ကြိုးစားတဲ့ မြန်မာတွေကို ဖမ်းဆီး

Image caption ထိုင်းနိုင်ငံထဲ ခိုးဝင်းဖို့ ကြိုးစားသူတွေကို ဖမ်းထားပုံ

မဲဆောက် မြ၀တီ ထိုင်း- မြန်မာနယ်စပ် လမ်းကြောင်းကနေ ထိုင်းနိုင်ငံထဲကို ခိုး၀င်ဖို့ ကြိုးစားနေတဲ့ မြန်မာ နိုင်ငံသား ၈၀ ကျော်ကို မေလ ၁၁ ရက် စနေနေ့က မဲဆောက် မြို့ပြင် တောစပ်မှာ ထိုင်း တာ၀န်ရှိသူတွေက ဖမ်းဆီးလိုက်ပါတယ်။

ထိုင်း မြန်မာနယ်စပ်မှာ ယာယီ မြန်မာ နိုင်ငံကူး လက်မှတ်တွေ ထုတ်ပေးနေတဲ့ တချိန်ထဲမှာ နယ်စပ်ကနေ ထိုင်းနိုင်ငံ အတွင်းပိုင်းကို ခိုး၀င်နေတာတွေ ရှိနေသေးတယ်ဆိုတဲ့ သတင်းအရ မဲဆောက်မြို့ မြောက်ဖက်က မယ့်ကဆာ ရွာပြင် တောစပ်မှာ ကင်းပုန်းချ စောင့်ကြည့် နေရာကနေ ယောက်ျား ၇၅ ယောက်နဲ့ မိန်းကလေး ၆ ယောက် စုစုပေါင်း ၈၁ ယောက်ကို ကားမောင်းသမားနဲ့ အတူ ဖမ်းဆီးနိုင် ခဲ့တယ်လို့ မဲဆောက်မြို့ပိုင် ရုံး ပြည်သူ့ စစ်ရေးရာ ဌာန အရာရှိ နိုင်နလိမွန် ဖူဂန် က ပြောပါတယ်။

ဒီလူတွေဟာ ယာယီ နိုင်ငံကူး လက်မှတ်နဲ့ မသွားပဲ ဘာဖြစ်လို့ ငွေအကုန်ခံပြီးတော့ ခိုးချောင်၊ခိုးဝှက်နဲ့ သွားနေရတာလဲ ဆိုတာကို ဘီဘီစီက စုံစမ်း မေးမြန်းကြည့်တော့ အဖမ်းခံရတဲ့သူတွေ အထဲမှာ အခုလို ခိုးသွားရတဲ့ အခြေအနေ သုံးမျိုးကို တွေ့ရပါတယ်။

အဲဒီ သုံးမျိုးထဲက တမျိုးက ပါစ်စပို့ မပါဘဲ အလွတ်သွားတာ ဖြစ်ပါတယ်။

ပါ့စ်ပို့ လုပ်ရင် လေးငါးခြောက်လကြာမှာ ဖြစ်လို့ အခုလို အလွတ်နဲ့ သွားတာပါ ၊ အလွတ်သွားတော့ ပွဲစားခ ဘတ် တစ်သောင်းတစ်ထောင်ပေးရတယ် ၊ ပါစ်စပို့လုပ်ရင်တော့ ဘတ် သုံးသောင်း ရှစ်ထောင် ပေးရတယ်လို့ သိရပါတယ်။

နောက်တမျိုးကတော့ ငွေမတတ်နိုင်လို့ ပွဲစား စရိတ်နဲ့ သွားရတာ ရှိတယ်လို့ တယောက် ဆိုပါတယ်။

ပါစ်စပို့လုပ်တော့ ပိုက်ဆံလက်ငင်း ပေးရတဲ့ အတွက် ငွေမရှိတဲ့ အတွက် သူများက အကြွေးခေါ်သွားပေးတာ ဖြစ်တယ် ၊ ဟို ရောက်ရင် သူဌေးက ရှင်းပေးပြီး နောက်မှ လုပ်ခထဲက ပြန်ဖြတ်တဲ့ နည်း ဖြစ်တယ်လို့ ရှင်းပြပါတယ်။

တတိယတမျိုးကတော့ အခု ၂ လလောက်အတွင်းမှာ အစ္စလာမ် ဘာသာ၀င်တွေကို သက်ဆိုင်ရာတွေက ယာယီ နိုင်ငံကူး လက်မှတ် လုံး၀ မလုပ်ပေးတဲ့အတွက် ခိုးပြီးသွားရတာလို့ ဆိုပါတယ်။

ထိုင်းနိုင်ငံထဲမှာ တရားမ၀င် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေကို တရား၀င်ဖြစ်အောင် ယာယီနိုင်ငံကူး လက်မှတ်တွေကို ထုတ်ပေးနေတယ်လို့ နှစ်ဖက် အစိုးရတွေက ပြောနေပေမဲ့ လက်ရှိမှာ အတော် များများက ယာယီ နိုင်ငံကူး လက်မှတ်တွေ ရထားပြီ ဖြစ်သလို နောက်ထပ် အတော်များများ ကလည်း အခုလို တရားမ၀င် အလုပ်သမား အဖြစ်နဲ့ ကျန်ရှိနေတုန်းဘဲလို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ