မောင်တောမြို့မှာ စိတ်ကြွဆေးပြားတွေ ဖမ်းဆီးမိ

Image caption ယာမားလို့ခေါ်တဲ့ စိတ်ကြွ ဆေးပြားတွေ ဖြစ်ပြီး စုစုပေါင်း ကာလ ပေါက်စျေး ကျပ် သိန်းတထောင့် ရှစ်ရာ လောက် ရှိ

မြန်မာ ဘင်္ဂလားဒေ့ရှ် နယ်စပ်က မောင်တော မြို့နယ် အတွင်း ပြီးခဲ့တဲ့ ရက်ပိုင်းက စိတ်ကြွ ဆေးပြား အများ အပြားကို ရဲက ဖမ်းဆီး ရမိ ခဲ့ပါ တယ်။

မောင်တောမြို့ အလိုတော်ပြည့် ပရဟိတ ဘုန်းကြီးကျောင်းက မသင်္ကာစရာ အထုပ်ထဲ ကနေ ဒီမူးယစ် ဆေးပြားတွေကို တွေ့ရှိ ရတာလို့ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ လုံခြုံရေးနဲ့ ထောက်လှမ်းရေး အဖွဲ့က ဒုတိယ ရဲမှူးကြီး မင်းအောင် က ဘီဘီစီကို ပြောပါတယ်။

ဒီမူးယစ်ဆေးဝါး အမှုနဲ့ ပတ်သက်နေတဲ့ ဘုန်းကြီး တပါးနဲ့ ဘင်္ဂါလီ ၂ ဦးကိုလည်း ရဲက ဖမ်းဆီး ထိန်းသိမ်းထားပြီး စစ်ဆေးမှုတွေ ပြုလုပ် နေတယ်လို့ ရဲမှူးကြီးက ပြောပါတယ်။

ဖြစ်ပုံမှာ အဲဒီ အလိုတော်ပြည့် ဘုန်ကြီးကျောင်းကို လာတည်းတဲ့ အာဂန္တု ဘုန်းကြီး တပါးနဲ့ အတူ ဘင်္ဂါလီ နှစ်ဦးရဲ့ အထုပ် တခု ကျောင်းမှာ ကျန်နေခဲ့ တဲ့ အတွက် သင်္ကာ မကင်း ဖြစ်ပြီး ဖွင့်ကြည့် ရာကနေ အခုလို ဆေးပြားတွေကို တွေ့ရှိ ရတာလို့ ဆိုပါတယ်။

အဲဒီ နောက်မှာတော့ ရဲကို အကြောင်း ကြားပြီး၊ အဲဒီ အာဂန္တု ဘုန်းကြီးနဲ့ ဘင်္ဂါလီ ၂ ဦး ကျောင်းကို ပြန်လာချိန်မှာ ရဲက ဖမ်းဆီး မိလိုက်တာ ဖြစ်ပါတယ်။

ဒါတွေဟာ ယာမားလို့ခေါ်တဲ့ စိတ်ကြွ ဆေးပြားတွေ ဖြစ်ပြီး စုစုပေါင်း ကာလ ပေါက်စျေး ကျပ် သိန်းတထောင့်ရှစ်ရာ လောက် ရှိမယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ဆေးမှုတွေ လုပ်နေပြီး ပါဝင် ပတ်သက်သူ အားလုံးကို ဖမ်းဆီး သွားမှာ ဖြစ်တယ်လို့ ရဲမှူးကြီး မင်းအောင်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ