SSPP/SSA နဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေ တွေ့

  • 12 မေ 2013
Image caption အပစ်ရပ်ရေးအတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့နဲ့ SSPP/SSA တို့ သဘောတူခဲ့

SSPP/SSA ရှမ်းပြည်နယ် တိုးတက်ရေး ပါတီ/ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းနဲ့ အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့တို့ စနေနေ့က တန့်ယန်းမြို့မှာ တွေ့ဆုံ ဆွေးနွေး ခဲ့ကြပါတယ်။

အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့ကို ဒုတိယ ဥက္ကဌ ဦးသိန်းဇော် ဦးဆောင်ပြီး SSPP/SSA ကိုယ်စားလှယ် အဖွဲ့ကိုတော့ ဒုတိယ ဥက္ကဌ ဦးဇင်ကေဆိုင်း က ဦးဆောင်ဆွေးနွေးခဲ့ကြတာပါ။

အစိုးရနဲ့ အပစ်ရပ်ထားပေမယ့် SSPP/SSA တပ်ဖွဲ့တွေနဲ့ အစိုးရတပ်တွေအကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ မကြာခဏ ဖြစ်ပွားနေတဲ့အတွက် စစ်ဘေးရှောင် ဒုက္ခသည်တွေ တန့်ယန်းဘက်မှာ လာရောက် ခိုလှုံနေရတဲ့ ကိစ္စကို တင်ပြ ဆွေးနွေးခဲ့တယ်လို့ အဲဒီ ဆွေးနွေးပွဲ တက်ခဲ့တဲ့ SSPP/SSA ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလက ပြောပါတယ်။

တပ်မနယ်မြေကနေ ကျော်လွန်လာလို့ နယ်မြေရှင်းလင်းတာတွေ လုပ်ရတဲ့အတွက် နှစ်ဘက် ထိပ်တိုက် တွေ့ရတာဆိုပြီး အစိုးရစစ်တပ်ဘက်က အကြောင်းပြတယ်လို့ ဆိုပါတယ်။

SSPP/SSA ဘက်ကတော့ စတင် ပစ်ခတ်တာမျိုး၊ အစိုးရစခန်းတွေထဲ ဝင်တိုက် တာမျိုးတွေ မရှိဘူးလို့ ဗိုလ်မှူး စိုင်းလက ပြောပါတယ်။

၂၀၁၂ ခုနှစ် ဇန်နဝါရီလတုန်းက ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့ နဲ့ တောင်ကြီးမြို့မှာ ရခဲ့တဲ့ သဘောတူချက်တွေအတိုင်း လိုက်နာ ကျင့်သုံးဖို့၊ ပြဿနာတွေ ရှိခဲ့ရင်လည်း ငြိမ်းချမ်းတဲ့ နည်းအတိုင်း ဖြေရှင်း ဆောင်ရွက်ဖို့၊ ပြည်သူလူထု ဝန်ထုပ် ဝန်ပိုး ဖြစ်စေမယ့် လုပ်ရပ်မျိုး မလုပ်ဖို့နဲ့ စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ နောက်ထပ် ပြန်လည် တွေ့ဆုံပြီး နယ်မြေ ကိစ္စတွေ ဆွေးနွေး ညှိနှိုင်း ဖို့ စတဲ့ အချက်တွေကို ဒီဆွေးနွေးပွဲမှာ သဘောတူခဲ့တယ်လို့ ဗိုလ်မှူး စိုင်းလက ဘီဘီစီကို ပြောပါတယ်။

နှစ်ဘက် တာဝန်ရှိတဲ့ စစ်ဘက် ပုဂ္ဂိုလ်တွေ တောင်ကြီးမြို့မှာ တွေ့ဆုံ ဆွေးနွေးဖို့ သဘောတူခဲ့ကြပေမယ့် ရက်အတိအကျတော့ မသတ်မှတ်ရသေးဘူးလို့ ပြောပါတယ်။