မဟာစင် မုန်တိုင်း လမ်းကြောင်း ပြောင်းမှာကို စောင့်ကြည့်နေ

Mahasan
Image caption မဟာစင် မုန်တိုင်း ၁၆ ရက်နေ့ညနေမှာ မြန်မာ့ ကမ်းရိုးတန်းကို ဝင်နိုင်

မြန်မာ နိုင်ငံမှာ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရဲ့ မေလ ၁၃ ရက် မနေ့က ထုတ်ပြန်ချက်အရ ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်းမှာ ဖြစ်နေတဲ့ မဟာဆင် ဆိုင်ကလုန်း မုန်တိုင်းဟာ မြန်မာ နိုင်ငံ ကိုကိုးကျွန်းရဲ့ အနောက်ဖက် မိုင် ၄၁ဝ ၊ ပုသိမ်မြို့ အနောက်တောင်ဖက် မိုင် ၅၄ဝ ၊ ကျောက်ဖြူမြို့ အနောက်တောင်ဖက် မိုင် ၅၉ဝ အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ ဆိုပါတယ်။

မုန်တိုင်း တိုက်ချိန်မှာ ရခိုင်ကမ်းရိုးတမ်းနဲ့ မြစ်ဝကျွန်းပေါ် ကမ်းရိုးတမ်း ဒေသတွေမှာ မုန်တိုင်း ဒီရေလှိုင်း ဒဏ် ခံရနိုင်ပြီး ဒေသခံတွေ ဂရုပြု လိုက်နာရမယ့် အချက်တွေကို ရေဒီယိုနဲ့ ရုပ်မြင်သံကြား တို့ ကနေ ထုတ်ပြန် ထားတယ်လို့ မြန်မာ နိုင်ငံ သတင်းနဲ့ ပြန်ကြားရေး ဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မုန်တိုင်းဒဏ် ခံရပြီး ဒီရေတက်နိုင်တဲ့ ရခိုင်ပြည်နယ် အတွင်းက နေရာနဲ့ ကမ်းခြေ တလျှောက်က တဲတွေကို မေလ ၁၄ရက်နဲ့ ၁၅ ရက် နေ့တွေမှာ အပြီးတိုင် လုံခြုံ စိတ်ချရတဲ့ နေရာတွေကို အမြန် ရွေ့ပြောင်းကြဖို့ ကိုလည်း မှာကြား ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

အမျိုးသား သဘာဝ ဘေးအန္တရယ် ကာကွယ် စောင့်ရှောက်ရေး ဗဟို ကော်မတီ ဥက္ကဌ ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းနဲ့ စီမံခန့်ခွဲမှု လုပ်ငန်း ကော်မတီ က တာဝန်ရှိသူတွေက မေလ ၁၄ရက်နေ့ ဒီနေ့မှာ ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ အနီးကပ် ကွပ်ကဲသွားဖို့ စီစဉ် ညွှန်ကြားထားတယ်လို့ မြန်မာ နိုင်ငံ သတင်းထုတ်ပြန်ရေး အဖွဲ့ ကြေညာချက်မှာ ရေးသား ထားပါတယ်။

မိုးဇလ ညွှန်မှူးဟောင်း ဦးထွန်းလွင်ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာတော့ မေလ ၁၃ရက် တနင်္လာနေ့ ညသန်းခေါင်ကျော် အချိန် ၊ မေလ ၁၄ရက် အင်္ဂါနေ့ နံနက် (၀း၃၀)နာရီ အထိတော့ ခန့်မှန်းတဲ့ အတိုင်း ဖြစ်မလာသေးဘူးလို့ ဆိုထားပါတယ်။

(၁၃-၅-၂၀၁၃)ရက်နေ့အထိ Mahasen နဲ့ပတ်သက်တဲ့ data တွေ အရ မဟာစင် မုန်တိုင်းကို (၁၃-၅-၂၀၁၃)ရက်နေ့ ညနေ(၆)နာရီခွဲက စတင်ပြီး အရှေ့မြောက် ယွန်းယွန်းဆီကို စပြောင်းတော့မယ်လို့ ခန့်မှန်းထားခဲ့ ပေမယ့် Mahasen ဟာ အနောက်မြောက်ဖက် ကို ဆက်လက် ရွေ့ရှားနေစဲ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

မေလ ၁၆ ရက်နဲ့ ၁၇ ရက်မှာ ဘင်္ဂလားဒေ့ရှ် နဲ့ ရခိုင် ကမ်းခြေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့အနီးက ဖြတ်ကျော် လိမ့်မယ်ဆိုတဲ့ မူလခန့်မှန်းချက်ကတော့ မပြောင်းလဲသေးပါဘူး။

ထူးခြားမှု အနေနဲ့ မုန်တိုင်းဟာ ကမ်းခြေကို ဖြတ်ကျော် ပြီးတဲ့နောက် ကုန်းတွင်းပိုင်းမှာ ချင်းပြည်နယ် ၊ စစ်ကိုင်းတိုင်း အထက်ပိုင်း နဲ့ ကချင်ပြည်နယ် တွေအထိ ဆက်လက် ရွေ့လျားမယ် ဆိုထား ပါတယ်။

မေလ ၁၃ ရက် တနင်္လာနေ့ ညနေ ၆ နာရီ က မိုးလေ ဝသ တိုင်းထွာ ချက်တွေ အရ ဘင်္ဂလား ပင်လယ်အော်မှာ ဖြစ်ပွား နေတဲ့ မဟာစင် မုန်းတိုင်း ဟာ ကိုကိုကျွန်းရဲ့ အနောက် တောင်ဘက် မိုင် ၄၃၀ ခန့်၊ ကျောက်ဖြူမြို့ အနောက် တောင်ဘက် မိုင် ၆၀၀ ခန့်မှာရှိတဲ့ ပင်လယ်ပြင်ကို ဗဟိုပြု နေပါတယ်။

မဟာစင် မုန်တိုင်းဟာ မြောက်ဘက်ကို ဆက်လက် ရွေ့လျားနေပြီး လာမယ့် ၁၆ ရက်နေ့ ညနေမှာ ရခိုင် ပြည်နယ် မြောက်ပိုင်းနဲ့ ဘင်္ဂလား နယ်စပ်ကို ဝင်ရောက် နိုင်တယ်လို့ ခန့်မှန်း ကြပါတယ်။

မြန်မာ နိုင်ငံ ဘက်ကို မုန်တိုင်း ဖြတ်သွားတဲ့ အခါမှာ ဆိုင်ကလုန်း မုန်တိုင်း အဆင့် မဟုတ် တော့ဘဲ အင်အားပြင်း မုန်တိုင်းငယ် အဆင့် နဲ့သာ ဖြတ်သွား မယ်လို့ လည်း အမေရိကန်၊ အိန္ဒိယနဲ့ မြန်မာ မိုးလေဝသ ပညာရှင် တွေက ခန့်မှန်းကြ ပါတယ်။

မုန်တိုင်း ဗဟိုချက်မှာ လေတိုက်နှုန်း တစ်နာရီကို မိုင် ၆၀ ရှိနိုင်တယ်လို့ မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးချစ်ကျော် က ပြောပါတယ်။

မုန်တိုင်း အရှိန်ကြောင့် မြန်မာ့ ကမ်းရိုးတန်းမှာ ရံဖန်ရံခါ မိုးသက်လေပြင်း ကျရောက်ပြီး လှိုင်းကြီးနိုင် တယ်လို့လည်း သတိပေး ထားပါတယ်။

လောလောဆယ် မဟာစင် မုန်တိုင်းက ဘင်္ဂလား ပင်လယ်အော် အတွင်း အဖြစ်ပြောင်းဇုံ Critical Zone အတွင်းမှာ ရှိနေတာကြောင့် မုန်တိုင်း လမ်းကြောင်း ပြောင်း သွားနိုင်တယ်လို့ ဦးချစ်ကျော် က ပြောပါတယ်။

လမ်းကြောင်း ပြောင်းသွားမယ် ဆိုရင် ၄၈ နာရီ ကြိုတင် သိရှိ နိုင်မှသာ ကြိုတင် ပြင်ဆင်မှုတွေကို လုပ်နိုင်မှာ ဖြစ်လို့ မသိလိုက်တာမျိုး မဖြစ်ရအောင် နေ့ည မပြတ် စောင့်ကြည့် နေတယ်လို့ လည်း သူက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ