ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ်ရဖို့ UWSA တောင်းဆို

  • 14 မေ 2013
Image caption ဝပြည် သွေးစည်း ညီညွတ်ရေး တပ်ဖွဲ့ဝင်တွေ

ဝပြည် သွေးစည်းညီညွတ်ရေးပါတီ UWSA က ဝဒေသကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ်အဖြစ် ခွင့်ပြုဖို့နဲ့ ၂၀၀၈ အခြေခံ ဥပဒေကို ပြင်ဆင်ရေးဆွဲပေးဖို့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့ထံ တင်ပြတောင်းဆိုလိုက်ပါတယ်။

ဒုတိယဥက္ကဌ ဦးရှောင်းမီလျှံနဲ့ ဦးပေါက်ယိုရိ ဦးဆောင်တဲ့ UWSA ကိုယ်စားလှယ်အဖွဲ့နဲ့ ဒုတိယ ဥက္ကဌ ဦးသိန်းဇော် ဦးဆောင်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့တို့ ပြီးခဲ့တဲ့ သောကြာနေ့က ပန်ဆိုင်းမြို့မှာ တွေ့ဆုံစဉ်မှာ အခုလို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ဝဒေသကို ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေအရ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းအဖြစ် သတ်မှတ်ပေးထားပေမယ့် နှစ်ခရိုင် ၆ မြို့နယ်သာ ပါရှိတဲ့ အတွက် ဝဒေသမှာ ရှိနေတဲ့ နေရာအားလုံးကို စုစုစည်းစည်း ရှိစေဖို့အတွက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ် အဖြစ် ခွင့်ပြုဖို့ တောင်းဆိုခဲ့တာလို့ UWSA ပြောခွင့်ရ ပုဂ္ဂိုလ် ဦးအောင်မြင့်က ပြောပါတယ်။

ဒါကြောင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ် အဖြစ်ရရှိရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေကို ပြင်ဆင်ဖို့လိုတယ်၊ ဒီလို ဖြစ်လာဖို့ တိုင်းရင်းသားအားလုံး နားလည်မှုရှိရှိနဲ့ ဆောင်ရွက်ကြရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။