ပေါက်တောမှာ လှေမှောက်လို့ လူ သေကြေမှုများ

  • 14 မေ 2013
ယာယီစ ခန်းတွေမှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်များ
Image caption ယာယီစ ခန်းတွေမှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်များ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်က မွတ်ဆလင် ဒုက္ခသည်တွေဟာ အခု ရက်တွေအတွင်း ကျရောက်နိုင်တဲ့ မဟာစင် မုန်တိုင်း အန္တရာယ်ကို ရှောင်ဖို့ လှေတွေနဲ့ ရွှေ့ပြောင်းစဉ် လှေမှောက်ပြီး လူ ၆၀ နီးပါး ပျောက်ဆုံးနေတယ်လို့ အစိုးရက ကြေငြာပါတယ်။

စက်လှေပေါ်မှာ လူ ၁၀၀ လောက်ပါပြီး လူ ၄၂ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ပျောက်ဆုံးနေသူ ၅၈ ဦးကို ဆက်လက် ရှာဖွေနေတယ်လို့ အစိုးရ ရုပ်မြင်သံကြား သတင်းက ဖော်ပြပါတယ်။

အခုပြောင်းတာဟာ ဒုက္ခသည်တွေရဲ့ အစီအစဉ်နဲ့ ဆင်တပ်မှော် ကျေးရွာကို ပြောင်းတာဖြစ်ပြီး လှေ ၇ စီး ပါဝင်တယ်၊ အဲဒီထဲက တစ်စီးက နတ်မြစ်နဲ့ ကျွဲကူးမြစ်ဝ အနီး ကျောက်ဆောင်နဲ့ တိုက်ကာ တိမ်းမှောက်ခဲ့တယ်လို့ ဆိုပါတယ်။

ကမ်းကို အသက်ရှင် လွတ်မြောက် လာသူတချို့ကို အနီးအနား ရွာတွေက ကယ်ဆယ်ထားပြီး အာဏာပိုင်တွေဆီ အပ်လိုက်တယ်လို့ ဒေသံတစ်ဦးက ပြောပါတယ်။ ရဲတွေကလည်း စက်လှေနဲ့ သွားရောက် ကယ်ဆယ်ခဲ့တယ်လို့ မျက်မြင် ဒေသခံက ဘီဘီစီကို ပြောပါတယ်။

မဟာစင် မုန်တိုင်းဟာ မေလ ၁၆ ရက် ညနေပိုင်းလောက် ကုန်းတွင်းပိုင်းကို ဝင်ရောက်တဲ့အခါ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ဖြတ်ကျော်နိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေကြောင့် အာဏာပိုင်တွေဟာ ဒုက္ခသည်စခန်းတွေက ဒုက္ခသည်တွေကို မုန်တိုင်းဒဏ်ခံနိုင်မယ့် နေရာတွေကို ပြောင်းရွှေ့ပေးနေပါတယ်။

တချို့ကလည်း ပြောင်းရွှေ့မယ့် နေရာတွေက အသက်ကြီးသူတွေ နဲ့ ကလေးငယ်တွေအတွက် မိုးဒဏ် ခံရနိုင်လို့ အဲဒီနေရာတွေကို မပြောင်းရွှေ့ချင်ကြဘူး ဆိုပါတယ်။